Wednesday, August 05, 2015

ထိုင်း လိပ်ကျွန်းလူသတ်မှု စီရင်ချက် တရားမျှတနိုင်မလား



မြန်မာနိုင်ငံသား ၂ ဦး စွပ်စွဲခံထားရသော ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သည့် တရားလိုပြ သက်သေများ ၏ ထွက်ဆိုချက်များသည် ရဲတပ်ဖွဲ့က တရားရုံးသို့တင်ပြထားသည့် မှတ်တမ်းပါအချက်များနှင့် ကွဲလွဲနေကြောင်းတွေ့ရသည်။ ထို အမှုအား ကော့စမွေခရိုင် တရားရုံး၌ ဇူလိုင်လ ၈ ရက်က စတင် ကြားနာစစ်ဆေးလျက်ရှိရာ ဇူလိုင် ၂၄ ရက်အထိ တရားလိုပြ သက်သေ ၆၅ ဦး အနက် ၁၃ ဦးက သက်သေထွက်ဆိုပြီး ဖြစ်သည်။
တရားလိုပြသက်သေ ၁၃ ဦး ထွက်ဆိုမှုများသည် တရားရုံးသို့ ရဲတပ်ဖွဲ့က ပေးပို့ထားသော မှတ်တမ်းပါ အချက်အလက်များနှင့် ကွဲလွဲ မှုများ ရှိနေသည်။

သိသာစွာ ကွဲလွဲနေသည့် အချက်များတွင် မျိုးဗီဇ(DNA) စစ်ဆေးချက်လည်း ပါဝင်သည်။ ရဲမှုခင်းဆရာဝန်က ထွက်ဆိုရာတွင် သေ ဆုံး သူ အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်မှ DNA ၃ မျိုး ရရှိကြောင်း ထွက်ဆိုခဲ့သည်။

DNA ၃ မျိုး ရရှိထားသည့်အတွက် လူသတ်မှုတွင်ပါဝင်သူ ၃ ဦးဖြစ်ရမည်ဟု ယူဆနိုင်သော်လည်း စွပ်စွဲခံထားရသော မြန်မာနိုင်ငံ သား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့ နှစ်ဦး၏ DNA ကိုသာ ရယူထားပြီး တဦး၏ DNA ကျန်နေသည်ကို တွေ့ရသည်။

ထိုအမှုအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က “DNA ၃ ခု ရထားတယ်ဆိုရင် လူသတ်သူဟာ ၃ ဦး ဖြစ်ရ မယ်။ ဒါ ကွဲလွဲချက် တခု၊ နောက်တခုက ပေါက်တူးနဲ့ ထုသတ်တယ် ဆိုပေမယ့် ပေါက်တူးရဲ့ လက်ကိုင်ရိုးက ဘာ DNA မှ ထွက် မလာဘူး။ တကယ်လို့ ပေါက်တူးနဲ့ သတ်တယ်ဆိုရင် လက်ကိုင်ရိုးမှာ လက်ဗွေရာ ရှိရမှာပေါ့။ ပေါက်တူးကို ၃ ပိုင်း ခွဲပြီးတော့ စစ် ဆေးတာ ဘာ DNA မှ မရဘူး ပြောတယ်။ ဒါဟာ ထူးခြားမှုပါ”ဟု ပြောသည်။

ထို့အတူ တခြားအချက်အလက် ကွဲလွဲမှုတချို့လည်း ရှိနေပြီး၊ သက်သေ ၁၃ ဦး ထွက်ဆိုပြီးသည့် အချိန်ထိ ခိုင်လုံသည့် အထောက် အထားများ မတွေ့ရသေးသဖြင့် စွပ်စွဲဖမ်းဆီးခံထားသူ နှစ်ဦးစလုံးသည် တရားသေ ကွင်းလုံးကျွတ် လွတ်ရန်သာ ရှိတော့သည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထို့အတူ DNA အပါအ၀င် လူသတ်မှုနှင့်သက်ဆိုင်သည့် အကြောင်းအရာ အားလုံးနီးပါးကို ရဲတပ်ဖွဲ့ကသာ ကိုင်တွယ် ဆောင်ရွက် ခြင်းသည် ဥပဒေကြောင်းအရ မှားယွင်းမှုတခုဖြစ်နေကြောင်း တရားခံဘက်မှ ကူညီဆောင်ရွက်ပေးနေကြသည့် ထိုင်းရှေ့နေများ ကောင်စီမှ ရှေ့နေကြီးများက တရားရုံး၌ တုံ့ပြန်ခဲ့ကြသည်။

ထိုအမှုတွင် ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေ ၁၀ ဦး ကျော်က ပါဝင်ကူညီပေးလျက် ရှိနေသည်။ ထို့အတူ ထိုင်းနိုင်ငံမှုခင်းများ စစ်ဆေးရာတွင် နာမည်ကြီးသည့် မှုခင်းဆရာဝန်ကြီး ဒေါက်တာဖွန်ထစ်က DNA နှင့် ပတ်သက်ပြီး တရားခံများဘက်မှ သက်သေ ထွက်ဆိုပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိရရှိထားသည့် DNA သည် လုပ်ထုံးလုပ်နည်းနှင့်အညီ ရရှိထားခြင်း မဟုတ်သည့်အတွက် ပြန်လည်စစ်ဆေးခွင့်ပြုရန် ထိုင်း ရှေ့နေများကောင်စီက တောင်းဆိုထားသည်။ တရားရုံးက စစ်ဆေးခွင့် ပြုထားသော်လည်း ရက်အတိအကျ မထုတ်ပြန်သးပေ။

ရှေ့နေ ဦးအောင်မျိုးသန့်က “DNA ဟာ သက်တမ်းအားဖြင့် ၂ နှစ်အထိ ခံတယ်လို့ မှုခင်းရဲအရာရှိက ပြောတယ်။ အဲဒီတော့ သေ ဆုံး သူ ဟန်နာရဲ့ DNA ကို ပြန်ယူမယ်။ ပြီးတော့ ဖမ်းဆီးခံထားရတဲ့ ကလေးတွေရဲ့ DNA ကို ပြန်ယူမယ် ဆိုရင်တော့ အဖြေထွက် လာမှာပေါ့။ ဒါကြောင့် ကျနော်တို့မှာ အခွင့်အရေးတွေ၊ မျှော်လင့်ချက်တွေ ရှိပါသေးတယ်”ဟု ပြောသည်။

တခြားသော သံသယ ဖြစ်ပွားနေသည့် အချက်တခုသည် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ DNA ကို ၎င်းတို့အား ဖမ်းဆီးပြီး နောက်တရက်မှသာ သက်သေခံ ပစ္စည်းများနှင့်အတူ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ DNA ကို ရယူ ၍ အခင်းဖြစ်ပွားသည့် နေရာမှ အရာဝတ္ထုများပေါ်၌ သုတ်လိမ်း၍ အမှုဆင်နိုင်ကြောင်း တရားခံဘက်မှ ရှေ့နေများအဖွဲ့က သံသယ ရှိနေကြသည်။

အလားတူ သက်သေခံ ပစ္စည်းများအနက် ကိုဝင်းဇော်ထွန်း၏ ပစ္စည်းဟု သိမ်းဆည်းသည့် ဘောင်းဘီသည် အတို ဖြစ်နေကြောင်း၊ လူသတ်မှု ဖြစ်ပွားသည့်ရက်က ကိုဝင်းဇော်ထွန်းသည် ဘောင်းဘီအရှည်သာ ၀တ်ဆင်ထားကြောင်း တရားခံ ရှေ့နေများက တင်ပြ ခဲ့ကြသည်။

CCTV မှတ်တမ်းထဲ၌ ဘောင်းဘီတိုဖြင့် ပြေးလွှားနေသူသည် ကိုဝင်းဇော်ထွန်း ဟုတ်မဟုတ် ဆိုသည်ကိုလည်း အတိအကျ မသိဘဲ ရုပ်ဆင်သည့်အတွက်သာ ဖြစ်နိုင်သည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြ ရဲသက်သေက ထွက်ဆိုခဲ့သည်။

“CCTV မှတ်တမ်းမှာ ပြေးနေသူက ၀င်းဇော်ထွန်းလို့ ဘာကြောင့် ပြောနိုင်ရတာလဲလို့ ကျနော်တို့ဘက်က ပြန်ပြီးတော့ မေးခွန်းမေး ပါတယ်။ ရုပ်ကတူနေတဲ့ အတွက်လို့ ဖြေတယ်။ ဒီလိုဆိုရင် ၀င်းဇော်ထွန်းကို ဘောင်းဘီတို ၀တ်ပြီးတော့ သရုပ်ပြပြေးခိုင်းတာမျိုး လုပ် လားလို့ ထပ်မေးတော့ မလုပ်ဖြစ်ဘူးလို့ ဖြေတယ်။ အဲဒီတော့ ပြေးနေသူဟာ ၀င်းဇော်ထွန်းလို့ အတိအကျပြောလို့ မရပြန်ဘူး”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုသည်။

ထို့အပြင် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား ဖမ်းဆီးစစ်ဆေးစဉ်က စကားပြန် လုပ်ပေးသည့်သူသည် ထိုင်းရဲတပ်ဖွဲ့ အာဏာ ပိုင် များနှင့် နီးစပ်သူဖြစ်ပြီး မြန်မာနိုင်ငံမှ ဘင်္ဂါလီ ဖြစ်နေခြင်းတို့ကြောင့် စကားပြန်၏ ဘာသာပြန်ဆိုမှုများသည် လွဲမှားနိုင်ကြောင်း၊ သို့ဖြစ်၍ တရားခံများအား ရုံးထုတ်စစ်ဆေးသည့်အခါ တိကျစွာ ဘာသာပြန်ဆိုပေးနိုင်မည့် လူမျိုးတူသူများကိုသာ ပြန်ဆိုခွင့်ပြုပေး ရန် တင်ပြတောင်းဆိုထားကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။

ထို့အတူ သေဆုံးသူ ဗြိတိန် နိုင်ငံသားနှစ်ဦး၏ သူငယ်ချင်းများဖြစ်သည့် ရှောင်နှင့်ခစ္စတိုဖာတို့အား သက်သေထွက်ဆိုပေးရန် တရား ရုံး၌ တင်ပြတောင်းဆိုထားသော်လည်း ယနေ့အထိ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း သိရသည်။ ၎င်းတို့သည် လက်ရှိ ဗြိတိန်နိုင်ငံတွင် နေထိုင်နေကြသည်။

ရှောင်သည် အမှုဖြစ်ပွားခဲ့သည့် နေ့ရက်တွင် လက်၌ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းကိုင်ဆောင်သော ဂစ်တာတွင်လည်း သွေးများပေနေသည့် ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်းကြောင့် ၎င်းသည် ခိုင်လုံသည့် မျက်မြင်သက်သေ ဖြစ်နိုင်ကြောင်း သုံသပ်မှုများ ထွက်ပေါ်ခဲ့သည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား ဖမ်းဆီးထားခြင်းသည် ခိုင်လုံသည့် မျက်မြင်သက်သေမရှိဘဲ မျိုးဗီဇ DNA စစ်ဆေးချက် အရ ဖမ်းဆီးထားခြင်းဖြစ်၍ မျက်မြင်သက်သေများဖြစ်သည့် ဗြိတိန်နိုင်ငံသား ရှောင်နှင့် ခရစ္စတိုဖာတို့၏ ထွက်ဆိုမှုသည် အလွန် အရေးပါနေခြင်း ဖြစ်သည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးစလုံးက ၎င်းတို့အနေဖြင့် ပြစ်မှုကျူးလွန်ခြင်း လုံးဝမရှိဟု ထပ်မံပြောဆိုကြောင်း၊ ၎င်းတို့ သည် လူသတ်မှု ကျူးလွန်သည်ဟု မူလကထွက်ဆိုခဲ့ခြင်းသည် ခြိမ်းခြောက် ဖိအားပေးမှုများကြောင့် ၀န်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြော ဆို ထားကြသည်။

တရားလိုပြ သက်သေများအား ဆက်လက် စစ်ဆေးကြားနာမှုကို လာမည့်သြဂုတ်လ ၈ ရက်တွင် ပြန်လည် စတင်မည် ဖြစ်သည်။

တရားလိုပြ သက်သေ ၆၅ ဦးတွင် ၁၃ ဦး ထွက်ဆိုထားပြီး ကျန်ရှိသူများထဲက တချို့သက်သေများကို ပယ်ဖျက်သွားမည်ဟုလည်း သိရသည်။

တရားခံဘက်မှ ထွက်ဆိုမည့် သက်သေ ၃၁ ဦးကို လာမည့်စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ပြီး စက်တင်ဘာ လ အတွင်း စီရင်ချက် ချမှတ်ပေးမည်ဟု ကော့စမွေခရိုင် တရားရုံးက ပြောဆိုထားသည်။

လိပ်ကျွန်း လူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှုစီရင်ချက် မည်သို့ထွက်လာမည်ကို ကမ္ဘာတ၀န်းကလည်း စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိနေသည်။ ။

လိပ်ကျွန်း လူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)
Eleven Media Group

No comments:

Post a Comment

My Blog List