Tuesday, August 04, 2015

ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့ရှိ ရေဘေးဒုက္ခသည်များနှင့် ရေလွှမ်းနေသည့် နေအိမ်အချို့မှ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ အားပေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၃ ရက် နံနက်က ပဲခူးမြို့သို့ သွားရောက်၍  ရေဘေးဒုက္ခသည်များနှင့် ရေလွှမ်းနေသည့် နေအိမ် အချို့မှ မိသားစုဝင်များအား သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကား ပြောကြားခြင်းနှင့် ဒေသခံများ၏ စားဝတ်နေရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့သို့ နံနက် ၁၀ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံ အားကစားရုံကြီးတွင် ယာယီစခန်းချလျက်ရှိသော ရေဘေးဒုက္ခသည် ၁၆၀၀ ခန့်ကို ဆန်အိတ် ၃၀၀၊ ရေသန့်ဘူး ၇၅၀၀၊ ဓာတ်ဆားထုပ် ၅၀၀၀၊ Chlorine အထုပ် ၂၄၀၀ (တစ်ထုပ်လျှင် ရေဂါလန် ၂၀ ကို သန့်စင်နိုင်သည်) တို့ကို ပေးလှူခဲ့ကြောင်း သိရသည်။

မိုးလုံလေလုံ အားကစားရုံကြီးတွင် ယာယီစခန်းချလျက်ရှိသော ရေဘေးဒုက္ခသည် တစ်ဦးဖြစ်သူ မြို့သစ် (၅)ရပ်ကွက်မှ ဒေါ်ညိုက “အားလုံးကို သင့်သင့်မြတ်မြတ် အေးအေးဆေးဆေးနေဖို့ ပြောသွားတယ်။ အားလုံး အတွက် အကူအညီတွေ ပေးသွားတယ်” ဟု ပြောကြားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရေနစ်မြုပ်နေသော ဇိုင်းဂနိုင်းတောင် ပိုင်းရပ်ကွက်သို့ လှေဖြင့် သွားရောက်ကာ အောင်ဇေယျာကျောင်းတိုက်တွင် ရေဘေးသင့် မိသားစု ၆၀၀ ခန့်ကို ဆန်၊ ရေသန့်နှင့် ဆေးဝါးပစ္စည်းများ ဆက်လက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့ရှိ နှစ်စဉ်ရေလွှမ်းလေ့ရှိသော ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်နှင့် ကျွန်းသာယာရပ်ကွက်မှ ရေလွှမ်းနေသည့် နေအိမ်အချို့သို့ လှေဖြင့်သွားရောက်ပြီး မိသားစု စားဝတ်နေ ရေး၊ ကလေးငယ်များ၏ ပညာရေးကိစ္စများ မေးမြန်းခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်နယ်မြေ (၃) အောင်သိဒ္ဓိလမ်းတွင်နေထိုင်သည့် ဒေါ်ခင်မြ၀င်းက ဒေါ်အောင် ဆန်းစုကြည် လာရောက်ခြင်းနှင့် ပတ်သက်၍ “အိမ်တွေ အများကြီးရှိတာ ကိုယ့်အိမ်ကိုလာတာ အများကြီး ၀မ်းသာတာပေါ့။ သူက အလုပ်အကိုင်တွေ ဘာတွေလုပ်လဲ မေးတယ်။ ကလေးတွေ ကျောင်းတက်လားမေး တယ်။ သူကတော့ ဒီရေဘေးဒုက္ခသည်တွေဆီကို လာရင်းနဲ့ ကျွန်မတို့အိမ်ကို ၀င်တာပေါ့။ အိမ်မြုပ်နေလို့ ၀င်ကြည့်တဲ့ သဘောပေါ့။ ကလေးတွေရဲ့ ပညာရေးအတွက် သူ့အဖွဲ့တွေကို ထောက်ပံ့ဖို့ ပြောမယ်ပေါ့” ဟု ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် လာရောက်ခြင်းနှင့် ပတ်သက်၍ ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မင်္ဂလာ လမ်းတွင် နေထိုင်သည့် ဒေါ်တင်တင်စန်းက “အမေစု ဒီကိုလာတာက ဘုန်းဘုန်းတို့ဆီကို ဆန်တွေဘာတွေ လှူဖို့လာရင်းနဲ့ အိမ်နံပါတ် မဲနှိုက်လိုက်တော့ ကျွန်မအိမ် မဲပေါက်တာ။ အမေလည်မယ့် အိမ်နံပါတ်ပေါ့။ ကလေးတွေ ကျောင်းတက်ရလားမေးတော့ ကျွန်မတို့က ဒီခေတ်မှာ အဆင်တော့ သိပ်မပြေဘူး။ ဒါပေမဲ့ ကလေးတွေက သူ့ဟာသူ ရန်ကုန်မှာ သွားနေပြီး ရုန်းကန်ပြီးတော့ ကျောင်းတက်ကြတာပေါ့။ ကိုယ့်အိမ် မှာက ကျောင်းသားတွေက များနေတာကိုး။ ကလေးတွေ ကျောင်းပညာရေးထားတာကို အမေစုက ၀မ်း သာပါတယ်တဲ့။ ကျောင်းသားလေးယောက်ရဲ့ အားဆိုတာ မနည်းဘူးတဲ့။ ကျေင်းသားကလေးတွေကို ဘွဲ့ရတဲ့အထိ ကျောင်းထားတဲ့။ ပြီးတော့ အခြားပြည်နယ်က ရေဘေးဒုက္ခသည်တွေဆီကိုလည်း မနက်ဖြန် ဆိုလား သွားမယ်တဲ့။ အဲဒီဘက်က ရေဘေးဒုက္ခသည်တွေက ပိုပြီး ဒုက္ခရောက်တယ်တဲ့။ အခုလို အမေ ကိုယ်တိုင် လာပြီးတော့ အိမ်ကိုလာလယ်မယ်ဆိုတာ မထင်ထားဘူး။ ၀မ်းသာတယ်။ အိပ်မက်တောင် မမက်ဖူးဘူး” ဟု ပြောကြားသည်။

အစိုးရကလည်း ပဲခူးမြို့ရှိ ရေဘေးဒုက္ခသည်များအား ဆန်၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည်တို့ကို ထောက်ပံ့ကူညီပေးလျက် ရှိကြောင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က အာဟာရဘီ စကစ်မုန့်များ ကူညီပေးထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List