Monday, August 03, 2015

ဝန်ထမ်းနုတ်ထွက်စာ မကျသေး၍ ကိုယ်စားလှယ်လောင်း အမည်စာရင်းမပါဟု ဒေါက်တာအောင်သူ ပြောကြား


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် မပါဝင်ခြင်းမှာ ပညာရေးဝန်ထမ်းအဖြစ် နုတ်ထွက်စာ မကျ သေး၍ ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက The Voice သို့ ပြောကြား သည်။

NLD ကိုယ်စားလှယ် အမည်စာရင်းနှင့် ယှဉ်ပြိုင်မည့် နေရာများကို သြဂုတ်လ ၁ ရက် ည ၉ နာရီကျော်က အပြီးသတ် ကြေညာရာတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် နာမည်ကြီး ပုဂ္ဂိုလ်အချို့ ပါဝင်ခြင်း မရှိသောကြောင့် နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်ပြောဆိုလျက် ရှိသည်။

“အရင်ရက်က သူတို့ ဆရာ့ကို လှမ်းစုံစမ်းပါတယ်။ NLD ဘက်က မေးတာပါ။ ဝန်ထမ်းအဖြစ်က နုတ်ထွက် စာ ရပြီလား မရဘူးလားဆိုတာ မေးတာပေါ့။ ဝန်ထမ်းအဖြစ် နုတ်ထွက်စာ မရသေးလို့ ကိုယ်စားလှယ် လောင်း အမည်စာရင်းက မပါတာပါ။ အဲဒါကြောင့်လို့ ဆရာကတော့ သိပါတယ်” ဟု ဒေါက်တာအောင်သူ က ပြောကြားသည်။

ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်မည်ဆိုပါက ပညာရေးဝန်ထမ်း အဖြစ်မှ နုတ်ထွက်ရမည် ဖြစ်သော ကြောင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တာဝန်မှ ရပ်နားရန် ဇူလိုင်လ ၁၇ ရက်က နုတ်ထွက်စာ တင် ထားပြီး သြဂုတ်လ ၄ ရက်တွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ NLD အဖွဲ့ချုပ် ဗဟိုကော်မတီအဖွဲ့ဝင် ဦးအေးကြူက “ဒေါက်တာအောင်သူက ဝန်ထမ်းနုတ်ထွက်စာ မရသေးတော့ ပါတီကို ကိုယ်စားလှယ်လောင်း လျှောက်လွှာ မတင်ထားသေးဘူး။ အဲဒါကြောင့် မပါသေးတာ။ သူ့အတွက် ကိုယ်စားလှယ်လောင်းနေရာ ချန်ထား မချန်ထား မသိသေးဘူး” ဟု ပြောကြားသည်။

NLD ပါတီမှ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်သူ့လွှတ်တော်ရှိ အဆင့်မြင့်ပညာ ရေး ကော်မတီအဖွဲ့တွင် ပါဝင်သော NLD ပါတီဝင် လုပ်ဖော်ကိုင်ဖက်များက ကမ်းလှမ်းထားခြင်း ဖြစ် ကြောင်း ဒေါက်တာအောင်သူက ပြောဆိုထားသည်။

ယင်းသို့ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ပညာရေး ဝန်ကြီးဌာနက နုတ်ထွက်ခွင့်မကျ၍ ကိုယ်စားလှယ်လောင်းလျှောက်လွှာ မတင်ရသေးသော်လည်း နေရာချန်လှပ်ထားသည်ဟု NLD က ပြော ဆိုကြောင်း ဒေါက်တာအောင်သူက ဆိုသည်။

ကိုယ်စားလှယ်လောင်းအဖြစ် ပါတီနိုင်ငံရေးတွင် ဝင်ရောက်လုပ်ကိုင်ပါက ပညာရေး ပြုပြင်ပြောင်းလဲမှုကို အဓိက လုပ်ဆောင်မည် ဖြစ်သော်လည်း မည်သို့ လုပ်ဆောင်မည် ဆိုခြင်းကို တစ်ထိုင်တည်း ပြောဆို၍ မရနိုင်ဘဲ အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဒေါက်တာအောင်သူကို မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ ကန်တော်ရပ်တွင် ၁၉၅၅ ခုနှစ်က မွေးဖွားပြီး ၁၉၇၉ ခုနှစ်မှစ၍ ဗိုလ်တထောင်မြို့နယ် ဒေသကောလိပ် (၁) တွင် အချိန်ပိုင်းနည်းပြအဖြစ် စတင်တာဝန် ထမ်းခဲ့ကာ ကျောက်ဆည်တက္ကသိုလ်တွင် ဒုတိပါမောက္ခချုပ်၊ ယခင်က အဆင့်မြင့်ပညာဦးစီးဌာန (အောက် မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ယင်းနောက် တောင်ငူတက္ကသိုလ်ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ပြီးနောက် ယခုအခါ ရန်ကုန်တက္ကသိုလ် တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင် ရွက် နေသော ပြည်သူ့လွှတ်တော် အဆင့်မြင့်ပညာရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List