Saturday, August 08, 2015

အလွန်ပြင်းထန်သည့် ဆူဒီလော တိုင်ဖွန်းမုန်တိုင်း ထိုင်ဝမ်ကို ဖြတ်သန်း တိုက်ခတ်


အလွန်ပြင်းထန် အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်း ဆူဒီလော (Soudelor)သည် ထိုင်ဝမ်နိုင်ငံသို့ ဩဂုတ် ၈ ရက်တွင် ဝင်ရောက်တိုက်ခတ်ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဩဂုတ် ၈ ရက် နေ့လယ်ပိုင်း အချိန်တွင် ဆူဒီလော မုန်ုတိုင်းမျက်စိသည် ကျွန်းနိုင်ငံကို ဖြတ်ကျော်သွားခဲ့ပြီး အသေ အပျောက် အနည်းဆုံး ၄ ဦးမျှရှိကာ အိမ်ခြေ သုံးသန်းကျော် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း သိရှိ ရသည်။ 

မုန်တိုင်း၏ အားကောင်းသော လေပြင်းများ တိုက်ခတ်မှုကြောင့် ဓာတ်တိုင်များနှင့် အခြားသော အခြေခံ အဆောက်အအုံများ လဲပြိုပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၆၄ ဦးထိ ရှိခဲ့ကြောင်း တာဝန်ရှိသူ များက ဆိုသည်။ မုန်တိုင်းကြောင့် လူပေါင်း ၇၅၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

ဆူဒီလောသည် ထိုင်ဝမ်ကမ်းခြေသို့ ဩဂုတ် ၈ ရက် နံနက်အစောပိုင်းတွင် အရှေ့ဘက် ယီလန်နှင့် ဟွာလီ ယန်း ဒေသများကို ဖြတ်ကျော်ကာ စတင်ဝင်ရောက် တိုက်ခတ်ခဲ့သည်။ နိုင်ငံ အရှေ့မြောက်ပိုင်း တောင်ထူ ထပ်ရာ ဒေသများတွင် မိုးရေချိန် ၃၉ လက်မထိ ရှိခဲ့ပြီး လေတိုက်နှုန်းသည် တစ်နာရီ ကီလိုမီတာ ၂၀၀ နှုန်းထိ မြင့်တက်ခဲ့ ကြောင်းလည်း သိရသည်။

“တွေ့ဖူးသမျှတော့ အဆိုးဆုံး တိုင်ဖွန်းပဲ”ဟု ဂျီယန်အမည်ရှိ အင်ဂျင်နီယာ တစ်ဦးက ဆိုသည်။ “ကျွန်တော် ကားမောင်းနေချိန် ကားတစ်စီးလုံးက တုန်ခါလာတယ်။ လမ်းပေါ်မှာလည်း သစ်ပင်တွေ အများကြီး လဲပြို နေတယ်။ ကားနဲ့ ဖြတ်မောင်းလာတဲ့တစ်လျှောက် ဓာတ်တိုင်ခြောက်တိုင် လဲနေတာ တွေ့ခဲ့တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အာဏာပိုင်များက လဲကျနေသည့် သစ်ပင်တစ်ပင်ကို ခုတ်ထွင်ရှင်းလင်း နေစဉ် ယာဉ်တိုက်ခံရသည့် ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးနှင့် ဆိုင်းဘုတ် ပြိုကျရာမှ ပိမိသည့် နိုင်ငံခြား အလုပ်သမားတစ်ဦးတို့ သေဆုံးကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ဩဂုတ် ၇ ရက်တွင် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းတိုက်ခတ်လာရာ ယီလန်ရှိ ကမ်းခြေပိုင်းတွင် နေထိုင်သူ ကလေးငယ် တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးတို့ အသက်ဆုံးရှုံး ခဲ့သည်။ နောက်ထပ် လူ ၄ ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်နေခြင်းကြောင့် လေယာဉ်ခရီးစဉ် အများအပြားကို ဖျက်သိမ်း ရွှေ့ဆိုင်းထားရသလို ကြိုတင်ကမ်းကပ်ထားသည့် ငါးဖမ်းစက်လှေ အတော်များများလည်း အထိအခိုက် အပျက်အစီးများ ဖြစ်ပေါ် ခဲ့သည်။

မြို့တော် ထိုင်ပေတွင် ဆောက်လုပ်ဆဲ အားကစားရုံ တစ်ခုမှ သံမဏိချပ်များပြားနှင့် ထောက်တိုင်များ လေနှင့်အတူ လွင့်စင်ထွက်ခဲ့ပြီး မုန်တိုင်းတိုက်ခတ်နေစဉ် အတောအတွင်း ဘတ်စ်ကားနှင့် မြေအောက် ရထား ပြေးဆွဲမှုများကိုလည်း အာဏာပိုင်များက ကန့်သတ် ပိတ်ပင်ခဲ့ရကြောင်း သတင်းရရှိသည်။

Ref: Reuters
7Day News Journal

No comments:

Post a Comment

My Blog List