Monday, July 13, 2015

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ကျောင်းသားငယ်များနှင့် ပြည်သူအချို့ ဆိုင်းဘုတ်ထောင်ဟုဆို



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကျောက်တန်းမြို့နယ် မှော်ဝန်းမြစ်ကူး တံတားဖွင့်ပွဲသို့ သွားရောက်သည့် ခရီးစဉ်တွင် သမ္မတဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ပထမဆုံးအကြိမ် ဒေသခံကျောင်းသား ငယ်များအပါအဝင် ပြည်သူအချို့က ဆိုင်းဘုတ်များထောင်၍ ကြိုဆိုမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် အငြင်းပွားမှု အချို့ရှိနေသည်။

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ်၊ ၀ဲကြီးကျေး ရွာအနီးရှိ မှော်ဝန်းမြစ်ကူးတံတားဖွင့်ပွဲကို ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့ရာ အဆိုပါ ဖွင့်ပွဲတွင် ဒေသခံ အချို့က ယင်းကဲ့သို့ ဆိုင်းဘုတ်များဖြင့် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုသို့ကြိုဆိုမှုများသည် ဒေသခံများ၏ဆန္ဒ အပြည့်အ၀မပါဝင်ဘဲ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ များက ကြိုတင်စီမံပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ အချို့က ဝေဖန်မှုများ ရှိသကဲ့သို့ တာဝန်ရှိသူများကလည်း ဒေသခံ ပြည်သူများက ၎င်းတို့ ဆန္ဒအရ ကြိုဆိုခဲ့သည်ဟု ဆိုသည်။

‘‘ဆိုင်းဘုတ်တွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွေဆီ ကြိုပေးထားတာ။ သူတို့ရေးထားပြီးသားဟာကို တက်ရောက်လာတဲ့သူတွေက ကိုင်ပေးထားရတဲ့သဘောပါ’’ ဟု အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ သည့် ကျောက်တန်းမြို့ခံ ဦးမြင့်ထွန်းက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ‘‘နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ၊ နိုင်ငံတော်အကျိုးဆောင်ရွက်နိုင်ပါစေ၊ ဒုတိယ ငါးနှစ်သမ္မတအဖြစ် ဆောင်ရွက်ပေးပါ’’၊ ‘‘သမ္မတကြီး ဆက်လက်ပြီး သမ္မတတာဝန်ထမ်းဆောင် ပေးပါ’’ဟူ၍ လည်းကောင်း အင်္ဂလိပ်ဘာသာ စကားဖြင့် ‘‘Mr. President: We Want You 2nd Term" ဟူ၍ လည်းကောင်းရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့သမ္မတကြီးကို ကြိုဆိုရန် ရပ်ကွက်/ကျေးရွာအလိုက်လူ ဦးရေခွဲတမ်း သတ်မှတ်ချက်ဖြင့် ခေါ်ယူမှုများရှိ ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံဝတ်ဆင်စေ၍ ခေါ်ယူကာ ကြိုဆိုမှုပြုလုပ်စေခဲ့သည့် အပြင် ဒုတိယသက်တမ်းဆက်လုပ်ရန် ရေးသားထားသည့် စာသားများပါ ဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒပြုစေမှုများလည်းရှိခဲ့သည်ဟု တက်ရောက်ခဲ့သူများက ဆိုသည်။ ထို့အပြင် သံဃာတော်အချို့လည်း ဆိုင်းဘုတ်ကိုင်ကြိုဆိုရာတွင် ပါဝင်ခဲ့သည်။

‘‘ကြိုဆိုတာကိုတော့ လက်ခံ ပါတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်သမ္မတ ဖြစ်နေတော့ ကြိုရမှာပဲ။ ဒါပေမဲ့ တကယ်ပြည်သူ့ဆန္ဒလို့မပြောနိုင်တဲ့ ကြိုတင်ရိုက်ပြီးသားဆိုင်းဘုတ်တွေကို ကိုင်ခိုင်းတာကတော့ သဘာဝ မကျဘူး။ ဒါကြောင့် ဒုတိယသက်တမ်းဆက်လက်ထမ်းဆောင်ဖို့ ဆန္ဒပြုတာဟာ ကျွန်တော်တို့ကျောက်တန်း မြို့ သားတွေကို ကိုယ်စားပြုတယ်ဆိုရင် လက်မခံဘူး’’ဟု ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးလှမော်က ပြောသည်။

သို့သော် နိုင်ငံတော်သမ္မတ ခရီးစဉ်အတွက် ထိုသို့ကြိုဆိုဆန္ဒပြမှုကို ဌာနမှ ကြိုတင်စီစဉ်လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ ပြည်သူများက ၎င်းတို့ ဆန္ဒသဘောအရ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ကျောက်တန်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်းက ပြောသည်။

‘‘ကျွန်တော်တို့ဆီက လူသီးခြားစုခေါ်ခိုင်းတာလည်း မရှိဘူး။ တက်ရောက်ချင်တဲ့ပြည်သူတွေရှိ ရင် အဆင်ပြေအောင် လာနိုင်ဖို့ သက်ဆိုင်ရာရပ်ကျေးအဖွဲ့တွေ မှာထားတာပဲရှိတယ်။ ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြတာလည်း ပြည်သူတွေဆန္ဒအတိုင်း လုပ်ကြတာပါ။ သူတို့ဘာသာ ပါလာတာ’’ ဟု သတင်းထွက်ပေါ် နေမှုများနှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ယခု လဆန်းက သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံခရီးစဉ်၌ NHK သတင်းဌာနနှင့် သီးခြားတွေ့ဆုံခဲ့စဉ် ဒုတိယသက်တမ်းကာလအတွက် ပြည်သူလူထု ထောက်ခံလိုလား ပါက အလေးထားစဉ်းစားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းသို့ ထုတ်ဖော်ပြော ကြားခဲ့ပြီး ပြည်တွင်းခရီးစဉ်၌ ပထမဆုံးအနေဖြင့် ၎င်းအား ဆက်လက်တာဝန်ယူ ရန် တောင်းဆို သည့် ဆိုင်းဘုတ်များကိုင် ဆောင် ကြိုဆိုသည့်ပုံများ ထွက်ပေါ်လာ ခြင်း ဖြစ်သည်။

ယခုတံတားဖွင့်ပွဲ မတိုင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်တွင်းခရီးစဉ်များတွင် ကြိုဆိုသူများက ‘‘သမ္မတကြီးကျန်းမာပါစေ’’ ဟူသော စာသားပါ ဆိုင်းဘုတ်များသာ ကိုင်ဆောင် ကြွေးကြော်လေ့ရှိခဲ့ပြီး ယခုခရီးစဉ်မှသာ ဒုတိယသက်တမ်းနှင့် ပတ်သက်သည့် တောင်းဆိုချက်တွေ့ရှိလာရခြင်း ဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

အဆိုပါ တံတားဖွင့်ပွဲတွင် နိုင်ငံတော် သမ္မတက လျှပ်စစ်ဓာတ်အားမှာ ဒေသတွင် စိုက်ပျိုးရေးနှင့် အသေး စား၊ အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အရေးပါသည့်အတွက် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးစက်ရုံ တည်ဆောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ကျောက်တန်းမြို့ နယ်သည် လာမည့်ရွေးကောက်ပွဲတွင် မွေးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းထွက်နေသော ဒေသလည်း ဖြစ်သည်။

မှော်ဝန်းမြစ်ကူးတံတားကိုလည်း အဆိုပါဝန်ကြီးဌာနကပင် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင် ၈ ရက်တွင် နယ်မြေစည်းရုံးရေးလုပ်ငန်းနှင့် မဲ ဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုခဲ့ပြီးနောက်ပိုင်း သွားရောက်ခဲ့ခြင်းဖြစ်သည်။

7Day News Journal 


No comments:

Post a Comment

My Blog List