Wednesday, July 15, 2015

ရဲတံခွန်စီမံကိန်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာ



၁၄ နှစ်ကျော် သဘာဝဓာတ်ငွေ့ထုတ်ယူပြီးနောက် ရဲတံခွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းမှာ ထုတ်လုပ်မှု ကျဆင်းလာပြီး ယခင်ထက် သဘာဝ ဓာတ်ငွေ့ကုဗပေ သန်း ၁၃၀ ခန့်ကျဆင်းလာကြောင်းမြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ သတင်းထုတ်ပြန်သည်။

ယခင်က တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၄၅၀ နှင့် ရေနံစိမ်း အပေါစားစည် ၁၂,၀၀၀ ခန့် ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုအခါတစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ကုဗပေသန်း ၃၂၀ ခန့် နှင့် ရေနံစိမ်းစည် ၆,၀၀၀ ခန့်သာထုတ်လုပ်နိုင်တော့ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက သတင်းထုတ်ပြန် ထားသည်။ရဲတံခွန်စီမံကိန်း၏ သဘာဝ ဓာတ်ငွေ့သိုက် ပမာဏသည် ကုဗပေ ၃ ဒသမ ၁၆ ထရီလီယံ ထွက်ရှိနိုင်သည်ဟု တွက်ချက် ထားသော် လည်း ကုဗပေ ၁ ဒသမ ၆ ထရီလီယံခန့် ထုတ်လုပ်ပြီးနောက် သဘာဝဓာတ်ငွေ့ထွက်နှုန်း စတင်ကျဆင်းလာသည်ဟု သိရသည်။

ထုတ်လုပ်မှု ကျဆင်းလာ၍သဘာဝ ဓာတ်ငွေ့အရောင်းစာချုပ်ပါ သဘောတူညီချက်အရ သဘာဝ ဓာတ် ငွေ့သိုက် လက်ကျန်ပမာဏကို ရောင်းသူနှင့်ဝယ်သူနှစ်ဦးအကြား ပြန်လည်တွက်ချက်၍ ဆက်လက် ထုတ် ယူနိုင်ရန် ညှိနှိုင်းနေကြောင်း ကမ်းလွန်ဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းက၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေး သားထားသည်။

ရဲတံခွန်စီမံကိန်းထုတ်လုပ်မှုကို ရေရှည်ထိန်းနိုင်ရန် စီမံကိန်းပတ်ဝန်းကျင်အတွင်း ရှာဖွေရေးတွင်းတူးဖော် မှုများ ဆောင်ရွက်ခဲ့သော်လည်း စီးပွားဖြစ် ထုတ်ယူနိုင်မည့် အခြေအနေမရှိသဖြင့် လက်လျှော့ခဲ့ရကြောင်း၊ ၂၀၁၄ တွင် ရဲတံခွန်(မြောက်)ဧရိယာ၌ ဖွံ့ဖြိုးရေးတွင်းနှစ်တွင်း တူးဖော်ကာ ရဲတံခွန်စီမံကိန်း၏ ထုတ်လုပ် မှုကို ထိန်းထားဆဲဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၅၀ ခန့် ထုတ်လုပ်နိုင်ကြောင်း ဦးသန်းထွန်းက ရေးသားထားသည်။

 ရဲတံခွန် စီမံကိန်းသည် ၁၉၉၀ တွင် အင်္ဂလန်နိုင်ငံ ပရီးမီး ယားကုမ္ပဏီနှင့် စာချုပ်ချုပ်၍ လုပ်ကိုင်ခဲ့ပြီး ယင်းခေတ်က အစိုးရက လက်မှတ်ထိုးကြေး အမေရိကန် ဒေါ်လာ ၁၅ သန်းရရှိခဲ့သည်။ ၁၉၉၇ တွင် ထိုင်းနိုင်ငံ PTT ကုမ္ပဏီနှင့် သဘာဝဓာတ်ငွေ့ အရောင်းစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ သို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၂၀၀ ခန့် ရောင်းချခဲ့သည်။

လုပ်ငန်းဆောင်ရွက်သူမှာ မလေးရှားနိုင်ငံ ပက်ထရိုနက်စ်ကုမ္ပဏီဖြစ်ပြီး ရှယ်ယာရှင်များ အဖြစ် PCML(မလေးရှား)၊ MOGE (မြန်မာ)၊ PTTEP(ထိုင်း)၊ NOEX (ဂျပန်)တို့ဖြစ်သည်။

ရဲတံခွန်စီမံကိန်း၏ ထုတ်လုပ်မှုပမာဏသည် ရတနာစီမံကိန်းထက်နည်းသော်လည်း သဘာဝဓာတ်ငွေ့နှင့် အတူ ရေနံစိမ်း ထုတ်လုပ်နိုင်ခြင်း၊ အမျိုးအစားကောင်းမွန်ခြင်းတို့ကြောင့် ၂၀၁၄ နှစ်ကုန်အထိ အဆိုပါ စီမံကိန်းမှ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံခန့်ရရှိနေပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

7Day News Journal


No comments:

Post a Comment

My Blog List