Wednesday, July 15, 2015

သပိတ်မှောက်ကျောင်းသား ကိုးဦးနှင့် ၀န်းရံပြည်သူ နှစ်ဦးအာမခံရ



သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအနက် အာမခံလျှောက်ထားသူများနှင့် ပတ်သက်၍ သာယာဝတီခရိုင် တရားရုံးတွင် ဇူလိုင် ၇ ရက်က အမိန့်ချခဲ့ပြီး လျှောက်ထားသူ ၁၅ ဦးအနက် အဝေးသင် ကျောင်းသား ကိုးဦးနှင့် ၀န်းရံပြည်သူ နှစ် ဦး အာမခံရရှိခဲ့ကြောင်း သတင်း ရရှိသည်။

၎င်းတို့ကို သာယာဝတီမြို့ နယ်တရားရုံး၌ ဇူလိုင် ၁၄ ရက် တွင် ပြုလုပ်မည့် ရုံးချိန်း၌ ပြန်လည်လွှတ်ပေး မည်ဖြစ်ပြီး တစ်ဦးချင်း စီအတွက် ကျပ်သိန်း ၅၀ တန်ခံဝန်နှင့် အာမခံပေးမည့်သူ နှစ်ဦးဖြင့်  ခံဝန်လက်မှတ် ရေးထိုးကာ အာ မခံဖြင့် ပြန်လွှတ်မည် ဖြစ်ကြောင်း ကျောင်းသားနှင့် ၀န်းရံ ပြည်သူများအား ကူညီနေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

‘‘ခရိုင်ရုံးမှာ အာမခံ ၁၅ ဦး လျှောက်တဲ့နေရာမှာ ၁၁ ဦးကို အာမခံပေးတယ်။ အာမခံမရတဲ့သူ တွေက တက္ကသိုလ်ကျောင်းသား ဖြစ်ကြောင်း အထောက် အထား မပြည့်စုံလို့ မရဘူး’’ဟု ၎င်းက ပြောသည်။

အာမခံရရှိသူ အဝေးသင် ကျောင်းသား ကိုးဦးမှာ ရဲဝင့် အောင်၊ ဝေယံမင်းလွင်၊ ရဲဝင်း အောင် (ခ) ရွှေကြယ်မိုး၊ မင်းချစ် သူ၊ မင်းသူရိန်၊ မြတ်မင်းမော်၊ ကျော်ဇောခန့်၊ တင်ကိုဦး၊ သက် ပိုင်ထွန်းတို့ဖြစ်ပြီး ၀န်းရံပြည်သူ ကိုသန်းဆွေနှင့် ဒေါ်သန်းအေးတို့ရရှိခဲ့ခြင်း ဖြစ်သည်။

‘‘သာယာဝတီခရိုင်တရားရုံး မှာ မနက် ၁၀ နာရီ ၁၅ လောက် ကစပြီးတော့ တရားခွင်ထိုင်ပြီး တော့ အမိန့်ချလိုက်တာပါ။ အာ မခံရတဲ့သူတွေက သိန်း ၅၀ တန် နှစ်ယောက်ကိုခေါ်ပြီးတော့ အာမခံလျှောက် လို့ရပြီ။ အဲဒီမှာ သိန်း ၅၀ တန်မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းပေါ့။ အိမ်ဂရန်လိုမျိုးကို မူ ရင်း၊ မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ နဲ့ လျှောက်ထားရမယ်’’ဟု အာမခံရရှိသည့် အဝေးသင်ကျောင်းသား ရဲဝင်းအောင် (ခ) ရွှေကြယ်မိုး၏ ဖခင် ဦးစံထွန်းက ပြောသည်။

အာမခံလျှောက်ထားသူများ ကို သာယာဝတီမြို့နယ် တရားရုံး က ဇွန်လ ၂ ရက် ရုံးချိန်း၌ ၎င်းတို့ ကို စွဲဆိုထားသည့် ပုဒ်မများတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ပါဝင်သောကြောင့် ပယ်ချခဲ့ပြီး သာယာဝတီခရိုင် တရားရုံးသို့ ဆက်လက်လျှောက် ထားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေသည့် ဦးတင်ဝင်းနှင့် ကိုခင်လှိုင်တို့ နှစ်ဦးအာမခံ ကို သာယာဝတီခရိုင်ရုံးသို့ လျှောက်ထားသော်လည်း သာယာဝတီ မြို့နယ်တရားရုံးတွင် အမိန့်မချရသေး ကြောင်း ၊ လာမည့်ဇူလိုင် ၁၄ ရက် ရုံးချိန်းတွင် အမိန့် ချမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှ မျိုးမြင့်က ပြောသည်။

ဒီမိုကရေစီပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီ၏ ပင်မ သပိတ် စစ်ကြောင်းကို လက်ပံ တန်းမြို့၌ အာဏာပိုင်များက မတ်လ ၁၀ ရက်တွင် အကြမ်းဖက်ဖြို ခွဲခဲ့ရာ သိမ်းဆည်းခံရသည့် လှုံ့ဆော်ရေးယာဉ်ကို အာမခံဖြင့် ပြန်ရလိုကြောင်း လျှောက်ထားရာ အာမခံမရခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ လက်ပံတန်းမြို့နယ် တရားရုံးသည် သာယာဝတီ ထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသားများအပါအ၀င် ၀န်းရံပြည်သူများနှင့် ရန်ကုန် မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် နန္ဒစစ်အောင်တို့ကို ဥပဒေ နှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှုပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့် ပေးပြီး နောက် ဆက်လက်ပါဝင်မှုပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းကို နာကျင်စေမှုပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားသည်။

7Day News Journal 


No comments:

Post a Comment

My Blog List