Thursday, July 16, 2015

ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် တရားစွဲဆို



တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖယ်ရှားရေး ဦးဆောင်ဆန္ဒပြသောကြောင့် တက္ကသိုလ်ကျောင်းသား ကိုဇေယျာလွင် နှင့် ကိုပိုင်ရဲသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲဆိုလိုက် ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။ 

ဇူလိုင်လ ၁၅ ရက် နံနက် ၉ နာရီခွဲခန့်က ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်နှင့် ဒဂုံတက္က သိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုပိုင်ရဲသူကို ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်စဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ 

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) က ရဲအရေးမပိုင်တဲ့ အတွက် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တွေကနေ တရားစွဲဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားတာ တရားရုံးက လက်ခံတယ်” ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။ 

အဆိုပါ ဆန္ဒပြမှုကြောင့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ (၁၈) ဖြင့် ပန်းဘဲတန်းနှင့် ကျောက်တံတား ရဲစခန်းက အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း အဆိုပါ ရဲစခန်းများထံမှ သိရှိရသည်။ 

ကိုပိုင်ရဲသူကို ဇူလိုင်လ ၂ရက်က မြောက်ဥက္ကလာပမြို့နယ် နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ကိုဇေယျာလွင်ကို ဇူလိုင်လ ၇ ရက်နေ့က ကျင်းပသည့် ဆဲဗင်းဂျူလိုင် အခမ်းအနားအပြီးတွင် ဖမ်းဆီးကာ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း ကျောင်း သားသမဂ္ဂများထံမှ သိရှိရသည်။ 

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ကိုဇေယျာလွင်က “ဒီကိစ္စက သက်သက်ဥပဒေကို လိုသလို အသုံးချပြီးတော့ ကျွန်တော်တို့ကို တရားစွဲဆိုခြင်း ဖြစ်တယ်လို့ ယူဆတယ်” ဟု ပြောကြားသည်။ 

ဖွဲ့စည်းပုံပြင်ရေး ဦးဆောင်ရာတွင် ပါဝင်၍ ဖမ်းဝရမ်း ထုတ်ထားသူ ကိုနန်းလင်းကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဦးကျော်ဟိုး က ရှင်းပြသည်။ 

ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများကို တရားရုံးက စစ်ဆေးရာတွင် ဖမ်းဝရမ်းထုတ်ထားခံရသူ ဒဂုံတက္ကသိုလ် ရူပဗေဒ တတိယနှစ်ကျောင်းသား ကိုနန်းလင်းသည် အမှန်တကယ် ထွက်ပြေးနေခြင်း ဟုတ်၊ မဟုတ်နှင့် အခြားအကြောင်းအရာများကို စစ်ဆေးပြီးမှ တရားခံပြေး ကြေညာရန်သင့်၊ မသင့်ကို တရားသူကြီးက ဆုံးဖြတ်မည်ဖြစ်ကြောင်း အဆိုပါ တရားရုံးများထံမှ သိရှိရသည်။ 

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရသူ ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူ၏ ရုံးချိန်းကို ဇူလိုင်လ ၂၄ ရက်တွင် ထပ်မံချိန်း ဆိုးထားကြောင်း ပန်းဘဲတန်းနှင့် ကျောက်တံတား တရားရုံးထံမှ သိရှိရသည်။ 

ဇွန်လ ၃၀ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဖယ်ရှားရေး ရန်ကုန်မြို့ သိမ်ကြီးဈေးမှ မြို့တော်ခန်းမရှေ့အထိ ခွင့်ပြုချက်မတင်ဘဲ ချီတက်လမ်းလျှောက် ဆန္ဒပြကာ ဟောပြောခဲ့သဖြင့် ဦးဆောင်ဟော ပြောသူ သုံးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ အပါအဝင် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။ 

ထို့ပြင် ဆန္ဒပြရာတွင် ပါဝင်သူ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုရဲဇာနည်ထွန်း၊ ဒဂုံတက္ကသိုလ်ကျောင်း သား ကိုပိုင်ဖြိုးမင်း၊ ကိုမင်းသုခတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ (၁၈) ဖြင့် အမှုဖွင့်ထား ကြောင်း ပန်းဘဲတန်းနှင့် ကျောက်တံတား ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly   

No comments:

Post a Comment

My Blog List