Friday, July 17, 2015

တပ်မတော်သား အမတ်များကို တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည့် အချက် ပယ်ဖျက်ရန် ဥပဒေကြမ်းကော်မတီ တင်ပြ


လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တပ်မတော်သား ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းနိုင်သည့်အချက်ကို ပယ်ဖျက်၍ အတည်ပြုသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး သို့ တင်ပြပြောဆိုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို သက်ဆိုင်ရာ မဲဆန္ဒ နယ်မှ မူလမဲဆန္ဒရှင် တစ်ရာခိုင် နှုန်း လက်မှတ်ဖြင့် တာဝန်ရုပ်သိမ်းနိုင်ရန် ပြဋ္ဌာန်းသင့်သော်လည်း တပ်မတော်သား ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းနိုင်သည့်အချက်ကို ပယ်ဖျက်၍ အတည်ပြုသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ၂၀၁၄ နှစ်ဆန်းပိုင်းတွင် လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ပြီး အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့တွင် သဘောထား ကွဲလွဲနေသောကြောင့် ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ရခြင်း ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။

ပြည်သူ့လွှတ်တော်က ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးကို ၎င်း၏ မူလ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း လက်မှတ်ဖြင့် ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြ တိုင်ကြားနိုင်ပြီး တပ်မတော်သား ကိုယ်စားလှယ်ကို နိုင်ငံသားတစ်ဦးဦးက လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဟု အတည်ပြု ထားပြီး၊ အမျိုးသားလွှတ်တော်က ရွေးကောက်ခံ ကိုယ်စားလှယ် များကို မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းသော်လည်း ကောင်း၊ တပ်မတော်သား ကိုယ်စားလှယ်ကို နိုင်ငံသားတစ်ဦးဦးက ခိုင်လုံသောသက်သေ အနည်းဆုံး ၁၀ ဦး၏ လက်မှတ်ဖြင့် ကော်မရှင်သို့ တင်ပြတိုင်ကြားရမည်ဟု ပြဋ္ဌာန်းထား ခြင်း ဖြစ်သည်။

ယင်းပြဋ္ဌာန်းချက်များအစား ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ကိုသာ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း လက်မှတ်ဖြင့် ကော်မရှင်သို့ တိုင်ကြားနိုင် သည်ဟုသာ ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီက တင်ပြခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ခံတွေကိုပဲ တိုင်တန်းပြီး တာဝန်က ရုပ်သိမ်းလို့ရမယ်။ တပ်မတော်သားတွေကိုတော့ ရွေးကောက်ခံ မဟုတ်လို့ တိုင်တန်းစရာ မလိုဘူးလို့ ထားလိုက်တယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဆီကို တိုင်ရမယ့် ပြဋ္ဌာန်းချက်ကိုပါ ပယ်ဖျက်ဖို့ တင်ပြလိုက်တာပါ” ဟု ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းဥပဒေပါ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် ၁ ရာခိုင်နှုန်းဖြင့် တိုင်ကြားနိုင်ခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။

“ဒေသတစ်ခုမှာ ပါတီသုံးခုက ဝင်ပြိုင်တယ် ဆိုပါစို့၊ ရှုံးနိမ့်တဲ့ ကိုယ်စားလှယ် လောင်းတစ်ဦးရဲ့ မဲဆန္ဒရှင် တွေက အလွယ်တကူ တိုင်လို့ရနေတာကို တွေ့ရတယ်၊ ဒါပေမဲ့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်ကို ပြင်မရတော့ ဒီအတိုင်းပဲ ပြဋ္ဌာန်းသင့်တယ်လို့ ယူဆတာ” ဟု ၎င်းက ပြောဆိုသည်။

ယင်းဥပဒေကို ပြင်ဆင်ရန် တင်ပြထားချက်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း အခြေခံဥပဒေပါ ၁ ရာခိုင်နှုန်းကို ပြင်ဆင်ရမရ စောင့်ဆိုင်းနေရခြင်းကြောင့် အတည်ပြုရန် ကြာမြင့်နေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

ယင်းအပြင် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီ အချင်းချင်း မကျေလည်မှုများ ရှိပါက ပါတီ အချင်းချင်း တိုင်ကြားနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။

ပြီးခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ရုပ်သိမ်းရန် မဲဆန္ဒရှင် ၂၀ ရာခိုင်နှုန်းဖြင့် တာဝန်မှ ရုပ်သိမ်းနိုင်ရေး တိုင်ကြားနိုင်သည်ဟု ပြင်ဆင်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ယင်းဥပဒေကြမ်းအပေါ် တင်ပြသော ကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ် စားလှယ်များ ရှိပါက ၂၀ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း ပြည် ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။

The Voice Weekly


No comments:

Post a Comment

My Blog List