Thursday, July 16, 2015

စစ်လက်နက် ဝယ်ယူရေးတွင် အမေရိကန်ဒေါ်လာ သန်း ၈၆၀ ဖိုး လာဘ်စားသည့် တောင်ကိုရီးယား စစ်ခေါင်းဆောင်ဟောင်းများ အဖမ်းခံရ



စစ်ရေးအသုံးအဆောင်များ ဝယ်ယူခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်တွင် အကျင့်ပျက်လာဘ်စားခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ရေတပ်ဦးစီးချုပ်ဟောင်းများ အပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်ဟောင်းများကို စစ်ဆေးအရေးယူနေပြီ ဖြစ်ကြောင်း ဥပဒေအရာရှိများကို ကိုးကားလျက် VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။

အကျင့်ပျက် ရယူထားသည့် မသမာငွေကြေး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၈၆၀ ဖိုးအထိ ရှိကြောင်း သက်ဆိုင်ရာ က ထုတ်ပြန်ထားသည်။ စစ်တပ်၏ ကျော်မကောင်း ကြားမကောင်း မသမာမှုကြီးတွင် လာဘ်ငွေယူမှုများ၊ စာရင်းလိမ်မှုများနှင့် စစ်တပ် လျှို့ဝှက်ချက်များ ပေါက်ကြားစေမှု စသည်တို့ ပါဝင်သည်။

စုစုပေါင်း လူ ၆၃ ဦးကို ထိန်းသိမ်းထားသည်ဟု တောင်ကိုရီးယား ထိပ်တန်းဥပဒေအရာရှိ ကင်ကီဒွန်းက ပြောကြားခဲ့သည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသော စစ်ဗိုလ်ချုပ်ကြီးများလည်း ပါဝင်ပတ်သက်မှုများ ရှိနေကာ စုစုပေါင်း စစ်ခေါင်းဆောင် ၁၀ ဦး၊ ဒုဝန်ကြီးအဆင့် တစ်ဦး၊ စီးပွားရေးသမားများနှင့် ကြားပွဲစားများကို အရေးယူထားသည်ဟု ကင်က ဆိုသည်။

စစ်သင်္ဘောများတွင် ထောက်ပံ့ပေးမည့် စစ်ဝတ်အသုံးအဆောင်များ၊ ရိုင်ဖယ်များ စသည်တို့ကို ဝယ်ယူရေး စီမံကိန်းများတွင် ယင်းသို့ ငွေကြေးမသမာမှုများ ပါဝင်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက အစိုးရ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့က ကာကွယ်ရေးဆိုင်ရာ ဝယ်ယူမှုများကို စစ်ဆေးသည့် စီမံချက် တစ်ခု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးရေးအဖွဲ့တွင် အရပ်ဘက် ဥပဒေအရာရှိ ၁၈ ဦး၊ စစ်ခုံရုံးဥပဒေအရာရှိ ရှစ်ဦး၊ စုံစမ်းစစ်ဆေးသူ ၉၀ ဦးတို့ ပါဝင်ကာ လူ ၄၁ ဦးကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

ယခုကဲ့သို့ အကျင့်ပျက်ခြစားခြင်းများ ဖြစ်လာရခြင်းမှာ ကာကွယ်ရေးဆိုင်ရာ ဝယ်ယူမှုများအတွက် ထိရောက်သော ကြီးကြပ် ကွပ်ကဲမှုများ မရှိခြင်းကြောင့်ဟု ဥပဒေအရာရှိ ကင်က ပြစ်တင်ပြောဆိုခဲ့သည်။

တောင်ကိုရီးယားစစ်တပ်၏ ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၁၄ ဒသမ ၇ ဘီလီယံဖိုး ရှိကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြထားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List