Monday, July 13, 2015

ခြေဥပြင်ဆင်ရေး ရှုံးနိမ့်မှုနှင့် ပြည်သူ့အသံ



အခြေခံဥပဒေပြင်ဆင်ရေးပုဒ်မ ၄၃၆ (က) နှင့် ၄၃၆ (ခ)ပါ လွှတ်တော် တွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ကြိုတင် မျှော်လင့်ထားကြသည့်အတိုင်း အဓိက ပုဒ်မများ မပြင်ဆင်နိုင်ဘဲ မဲခွဲဆုံးဖြတ်မှုတွင် ရှုံးနိမ့်ခဲ့သည်။ အထူး သဖြင့် တပ်မတော် သားအမတ်များက ကန့်ကွက်ခဲ့၍ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်အမတ် များက ပြောသည်။ အခြေခံဥပဒေပြင်ဆင်ရေးအခက်အခဲ၊ အနာဂတ်သမ္မတ လောင်းရွေးချယ်ရေးတို့နှင့် ပတ်သက် ၍ ပါတီ များနှင့် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်များကို စုစည်း ဖော်ပြလိုက်ပါသည်။

ဦးသုဝေ
(ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ-မြန်မာ)

အခြေခံဥပဒေကို လွှတ်တော်မှာ ပြင်ဆင်နေကြရာမှာ လွှတ်တော် ကိုယ်စားလှယ်ကလည်း ထုတ်ပြော တယ်။ သူတို့လိုချင်သလောက်မရဘူး ပေါ့နော်။ ဒါက လွှတ်တော်ရဲ့ အဆုံးအဖြတ်ပေါ့။ အောင်မြင်ချင်မှ အောင်မြင်မှာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ရေးဆွဲကတည်းက အပြည့်အစုံမဟုတ်ဘူးလေ။ အချိန်အခါအခြေအနေတွေက ပြောင်းလာတော့ ပြုပြင်ပြောင်းလဲဖို့က လိုအပ်တာပဲ။ အခြေခံဥပဒေရေးဆွဲ တုန်းက အခြေခံ အကြောင်းရင်းတွေရှိတယ်။ အဲဒီအကြောင်းရင်းတွေ ပြောင်းသွားရင်ပြုပြင် ပြောင်းလဲရေး လုပ်ရတာလွယ်တာပေါ့။ ဥပမာအားဖြင့်ဆိုရင် တပ်မတော်က လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းယူထားတဲ့ ကိစ္စမျိုးပေါ့။ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းဆွေးနွေးပွဲ အောင်မြင်ပြီး ငြိမ်းချမ်းသွားပြီဆိုရင် တပ်မတော် ၂၅ ရာခိုင်နှုန်းက မလိုအပ်တော့ဘူးလေ။အဲဒါကြောင့် အဲဒီအကြောင်းရင်းခံတွေကို ဖြေရှင်းပေး ရမယ်။ လက်နက်ကိုင်တွေရှိနေ သရွေ့၊ ငြိမ်းချမ်းရေးမရသေးသရွေ့ရွေးကောက်ပွဲဟာလည်း တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူး။ ဒီမိုကရေစီအစစ်မရနိုင်ဘူး။ လူထုဆန္ဒခံယူပွဲက လောလောဆယ် ကိစ္စကြောင့် လုပ်စရာမလိုဘူးထင် တယ်။ ဒေါ်စုကိုယ်တိုင် သမ္မတမဖြစ်နိုင်မှန်းသိရက်နဲ့ ရွေးကောက်ပွဲဝင် မယ် ဆိုတော့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သွားပြီပေါ့ဗျာ။ ရွေးကောက်ပွဲတွေပြီး သွားလို့ တိုင်းပြည်ရဲ့ အခြေအနေဘာဖြစ်လာမလဲ။ အဲဒီအတိုင်း ပွဲဆက်သွား ရင် ပိုကောင်းသလား။ ဒါမှမဟုတ်ရင် ပြင်ဆင်ရင်ပို ကောင်းသလားဆိုတာတော့ အဲဒီကာလအချိန်၊ အခြေအနေတွေပေါ်မှာမူတည်မှာပေါ့။ အဲဒီကာလ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြပြီး လိုအပ်လာရင် ပြင်ဆင်ရ မှာပေါ့။

ဦးကိုနီ
(တရားလွှတ်တော်ရှေ့နေ)

အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတဲ့ဟာက ပြည်သူလူထုလိုချင် တဲ့အချက်တွေ မဟုတ်ဘူး။ သမ္မတရွေး ချယ်ရေးနဲ့ ဆိုင်တဲ့ ပုဒ်မ ၅၉ (စ) ကို ပြည်သူလူထုက ဖျက်ပစ်ချင်တာကို ပြည်ခိုင်ဖြိုးက နည်းနည်းလေးပဲ ပြင်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က မပြင်ချင်တဲ့သ ဘောရှိတယ်။ အဲဒီတော့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ အလားအလာဘယ်တော့ မှမရှိတော့ဘူး။ ဒီဖွဲ့စည်းပုံကို ကျွန်တော်တို့က ရအောင်ပြင်ရမယ်။ လာမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်မှာ အများစုရအောင်လုပ်ဖို့လိုတယ်။ လွှတ်တော်မှာ ဒီမိုကရေစီအင်အားစုတွေ အများစုရလာပြီဆိုရင်တော့ ဖွဲ့စည်းပုံကို ပြင်လို့မရရင်တောင်မှ နောက်ထပ်အသစ်တစ်ခုရေးပြီး အစားထိုးဖို့အတွက် ကြိုးစားဖို့အတွက် အခွင့်အလမ်းရှိတာပေါ့။ အဲဒီနည်း လမ်းနဲ့ပဲသွားရတော့မယ်။ စစ်ရေးနဲ့ကာကွယ်ရေးဆိုတဲ့ စကားလုံးနှစ်လုံးအတွက်နဲ့တော့ အခြေခံဥပဒေပြင် ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲလုပ်နေလည်း အပိုပဲ။ ဒီနှစ်ခုစလုံးပြင်လည်း ဘာမှမထူးဘူး။ မပြင်လည်း ဘာမှမထူးဘူး။ ကာကွယ်ရေးအမြင်ရှိရမယ်တဲ့။ ဘယ်သူက ဆုံးဖြတ်မှာလဲ။ စစ်ရေးအမြင်ရှိရမယ်တဲ့ ဘယ်သူက ဆုံးဖြတ်မှာလဲ။ ဘယ်တော့မှ ဆုံးဖြတ်လို့မရတဲ့၊ တိုင်းတာလို့မရတဲ့ အရည်အချင်းနှစ်ရပ်ဖြစ် တယ်။ ဖွဲ့စည်းပုံပြင်တာ အစိုးရနဲ့ သိပ်မဆိုင်ဘူး။ လွှတ်တော်နဲ့ပဲဆိုင်တယ်။ ဒါကြောင့် ၂၀၁၅ ရွေးကောက် ပွဲအပြီးနောက်ပေါ်ပေါက်လာမယ့် လွှတ်တော်အထပ်ထပ်မှာ ဒီဖွဲ့စည်းပုံကို ပြောင်းလဲဖို့ ကြိုးစားရမယ်။ ပြင်တဲ့နည်းနဲ့မရရင် တခြားနည်းနဲ့ ပြောင်းရမယ်။ ဖွဲ့စည်းပုံကို သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း ပြင်လို့ မရရင် အဲဒီနည်းလမ်းအပြင်ကို ထွက်ပြီး ပြင်ဆင်ရမယ်။

ဦးမြအေး
(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

အဓိကကတော့ ဖွဲ့စည်းပုံကို မပြင်ဆင်နိုင်တဲ့အတွက် ရွေးကောက် ပွဲထက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်အားလုံး အပေါ် နှောင့်နှေးကြန့်ကြာသွား စေတာပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိနိုင်တာပေါ့။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာက ငြိမ်းချမ်းရေးက အင်မတန် အရေးကြီးတယ်။ ခြေဥမပြင်နိုင်လို့ ရွေးကောက်ပွဲအပေါ်ကိုတော့ တိုက်ရိုက်မဟုတ်ရင်တောင် မကျေမလည်မှုတွေနဲ့ ဖြတ်သန်းသွားနိုင်တာလို့ ထင်ပါတယ်။ တချို့ပုဒ်မတွေက လူထုဆန္ဒခံယူပွဲနဲ့ ပြင်မှရမှာဆိုတော့ကျွန်တော့်အမြင် ကတော့ ပုဒ်မ တစ်ခု၊ နှစ်ခုလောက်နဲ့ ဆန္ဒခံယူပွဲလုပ်တာက ငွေကြေးကုန်ကျကလည်း အများကြီးသုံးစွဲရမှာဆိုတော့ ဘယ်အချက်တွေကို ပြင်ဆင်သင့်လဲတစ်ခါတည်း ဆန္ဒခံယူပွဲလုပ်တာ ကောင်းတယ်လို့ ကျွန်တော်က အဲဒီလိုပဲမြင်ပါတယ်။ ဒါကတော့ စစ်တပ်ရဲ့ သဘောထားပေါ်မူတည်တယ်။ ဘာကြောင့်လဲဆိုရင် တပ်မတော်က သဘောမတူရင် ဖွဲ့စည်းပုံက ပြင်လို့မရနိုင်ဘူးလေ။

ဦးအောင်မိုးဇော်
(ဥက္ကဋ္ဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

ပြည်သူလူထုတော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ခေါင်းဆောင်ဖြစ်စေချင်တဲ့အတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တယ်။ ဒါပေမဲ့ လွှတ်တော်မှာ ပုဒ်မ ၅၉ (စ)၊ ၄၃၆ တို့ မပြင်ဘူး ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် အလားအလာမရှိ သလို ဖြစ်သွားတယ်။ အဲဒါက လူထုအတွင်းမှာ နည်းနည်းစိတ်ဓာတ်ကျ စရာ၊ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုလျော့ကျသွားတယ်လို့ ကျွန် တော့်အနေနဲ့ ယူဆတယ်။ သမ္မတလောင်းနဲ့ ပတ်သက်တဲ့ ပုဒ်မကလည်း စကားလုံးအသုံးအနှုန်း လောက်ပဲ ပြင်နိုင်တဲ့အခြေအနေမှာ လူထုဆန္ဒခံယူပွဲလုပ်မယ်ဆိုရင်တော့ ပြဿနာတွေဖြစ်လာနိုင်တယ်။ အနှစ်သာရအရ ဘာမှမပြောင်းဘဲ စကားလုံးလေးပဲပြောင်းမယ်ဆိုရင်တော့ အခြေခံအားဖြင့် အတူတူပဲ။ နောက်ပြီး ပြည်နယ်လွှတ်တော်တွေမှာ ၀န်ကြီးချုပ် တင်မြှောက်ဖို့ကျတော့လည်း အဆင်မပြေဘူး။ ဖွဲ့စည်း ပုံအခြေခံဥပဒေ တစ်ခုလုံးကို ဘာမှမပြင်ဘူး။ အခြေခံအနှစ်သာရ ဘာမှမပြင်ဘူးဆိုတဲ့သဘောဖြစ်နေ တယ်။ ဘာမှမပြင်တဲ့ဖွဲ့စည်းပုံကို ထပ်ပြီးတော့ဒီမိုကရေစီဆန်ဆန်ပြန်လုပ်ရမယ်ဆိုရင်လည်း ငွေကုန်ကြေး ကျတော်တော်များမယ်။ ဒီပြင်ဆင်ဖို့စီမံကိန်းကိုသေသေချာချာပြန်လည်စဉ်းစားပြီး ဆွေးနွေးဖို့လိုမယ်။ ဒီလွှတ်တော်သက်တမ်းအချိန်မရတော့ဘူးဆိုရင်နောက် လွှတ်တော်သက်တမ်းကျမှ ပြန်ဆွေးနွေးပြီး ဒီကိစ္စတွေကို ဆောင်ရွက်သင့်တယ်။ ဒီစကားလုံးလေးပြင်ရုံနဲ့လူထုဆန္ဒခံယူပွဲလုပ်ရင် ပိုက်ဆံကုန်တာပဲ အဖတ်တင်မယ်။ အခုလားရာက လွှတ်တော်အတွင်းကနေ တိုက် ရိုက်သွားမယ်ဆိုတဲ့ လားရာဖြစ်နေတယ်။ လူထုထောက်ခံမှုအများဆုံးရထားတဲ့ နိုင်ငံရေးပါတီကလည်း ဒီလမ်းကြောင်းပေါ်မှာပဲရှိနေသေးတယ်။ နိုင်ငံရေးပါတီတော်တော်များများကလည်း လွှတ်တော်ထဲကနေ ကြိုးစားသွားမယ်။ ပြင်ဆင်သွားမယ်ဆိုတဲ့ လမ်းကြောင်းကတော့ ရှိနေတုန်းပဲ။ တစ်ဖက်ကလည်း ဖွဲ့စည်းပုံဆိုတာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားစတဲ့ ပြည်သူတွေအားလုံးနဲ့ သက်ဆိုင်တယ်။ ဒီဟာကို ပြင် ဆင်ဖို့ တောင်းဆိုမှုတွေကလည်း လွှတ်တော်ပြင်ပမှာရှိလာနိုင်တယ်။ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အဲဒီလိုတောင်းဆိုမှုကို အပြုသဘော နဲ့ လက်ခံနိုင်ဖို့လိုတယ်။ အပြုသဘောနဲ့ ချဉ်းကပ်နိုင်ဖို့လိုတယ်။ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကရပ်တန့် သွားမယ်လို့ မထင်ဘူး။

ဦးတင်မောင်တိုး
(ဥက္ကဋ္ဌ၊ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ဖွဲ့စည်းပုံမပြင်တဲ့အတွက် နံပါတ် (၁) အခက်အခဲဖြစ်နိုင်တာက သမ္မတရွေးချယ်ရေးအခက်အခဲဖြစ်မယ်။ နံပါတ် (၂) အခက်အခဲက တိုင်း နဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်လို့မရတော့ဘူး။ စကားလုံးတစ်လုံးတည်းဖြစ်တဲ့ စစ်ရေးအမြင်ကနေ ကာကွယ်ရေးအမြင်ဆိုတဲ့ ကိစ္စကို လူထုဆန္ဒ ခံယူပွဲမလုပ်သင့်ဘူး။ မဲပေးဖို့တောင် တံဆိပ်တုံးဘယ်လိုနှိပ်ရ တယ်ဆို တာကို ကျေးရွာတွေမှာ လိုက်ရှင်းပြနေရတာ။ ဒီလိုဆန္ဒခံယူပွဲလုပ်လိုက် ရင် မဲစာရင်းတွေပိုမိုရှုပ် ထွေးလာစေနိုင်တယ်။ NLD နဲ့ မဟာမိတ်ပါတီ တွေသာ လွှတ်တော်ထဲမှာ ၇၀ ရာခိုင်နှုန်းလောက်ရောက် မယ်ဆိုရင် ခြေဥပြင်လို့ရမယ်ဆိုတာ ယုံကြည်တယ်။

ဦးမောင်မောင်ကြီး
(ဗဟိုကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ)

အခြေခံဥပဒေပြင်ဖို့ လွှတ်တော်ဘက်ကနေ ကြိုးပမ်းတဲ့အခါ မအောင်မြင်ခဲ့တဲ့အတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလက်ရှိရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့အတိုင်းဆိုရင်တော့ အကျပ် အတည်းဖြစ်လာလိမ့်မယ် မထင်ပါဘူး။ သမ္မတလောင်းနဲ့ ပတ်သက်တဲ့ ပုဒ်မကလည်း စကားလုံးအသုံး အနှုန်းလောက်ပဲ ပြင်နိုင်တဲ့အခြေအနေ မှာ နိုင်ငံတော်ဘဏ္ဍာကိုသုံးပြီး လူထုဆန္ဒခံယူပွဲလုပ်မယ်ဆိုတာ လည်း မလုပ်သင့်ဘူးထင်ပါတယ်။ ဒီလိုလုပ်လို့လည်း ပြည်သူတွေကို ၀န်ထုပ် ၀န်ပိုးဖြစ်စေရုံသာမကပါဘူး။ ထွက်လာမယ့် အကျိုးရလဒ်ကလည်း ဘာမှမဖြစ်လာနိုင်တာကြောင့် အချိန်ကုန်၊ ငွေကုန်လူပင်ပန်းတာတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ အခြေခံဥပဒေပြင်ဆင်နိုင်ဖို့အတွက် ဒီအစိုးရသက်တမ်းအတွင်း မပြင်ဆင်နိုင် တဲ့အတွက် နောက်အစိုးရလက် ထက်မှာ ဒီမိုကရေစီပါတီတွေ လွှတ်တော်ထဲများလာရင်တော့ ပြည်သူတွေ မျှော်လင့်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

ဒေါက်တာအေးမောင်
(ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ)

၂၀၁၅ နိုင်ငံရေးအခင်းအကျင်းကို သက်ဆိုင်ရာပါတီကြီးတွေအနေ နဲ့ နည်းဗျူဟာကျစွာ ချဉ်းကပ်နိုင်ခဲ့မယ် ဆိုရင် ပြင်ကိုပြင်နိုင်မယ့် အခင်းအကျင်းကို ကျွန်တော်တွေ့တယ်။ လူထုဆန္ဒခံယူပွဲ မလုပ်သင့်ဘူးလို့ လူထုကထင်မှာပေါ့။ လူထုအမြင်မှာ ဖွဲ့စည်းပုံကို ရေးခဲ့တဲ့ ပုဂ္ဂိုလ်တွေကို အပြစ်ဖွဲ့ကြမှာပေါ့။ စကားလုံး တစ်လုံး၊ နှစ်လုံးပြောင်းပြီး လူထုဆန္ဒ ခံယူပွဲလုပ်ရအောင် ဖန်တီးပေးခဲ့တဲ့သူတွေကို အပြစ်ဖို့မှာပဲ။ ဖွဲ့စည်းပုံ ဥပဒေကြမ်းပြင်ဆင်ဖို့တင်ကတည်းက အင်မတန်ကြီးမားတဲ့ အရွေ့တစ် ခုဖြစ်ဖို့အတွက် အကွက်ကြီးတစ်ခု ကို ရွှေ့တာဗျ။ လူထုဆန္ဒခံယူပွဲလုပ် မယ်ဆိုရင် အစိုးရကို ပြည်သူလူထုက မုန်းမှာပေါ့။ ဒါလေးတစ်ခုပြင်ဖို့ လောက်ကို လွှတ်တော်ထဲမှာ ၂ နှစ်ခွဲ လောက်အချိန်ယူပြီးတော့မှ ဆွေး နွေးနေကြရတဲ့အပေါ်မှာ လူထုကဘယ်လောက်ခံမှာလဲ။ ဒါကြောင့် လူထုက အပြောင်းအလဲတစ်ခုကို လိုအပ်ပြီဆိုတဲ့ အဖြေတစ်ခုကို ချက်ချင်း ရသွားတာပေါ့။

ဦးတင့်နိုင် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)
မုံရွာမြို့နယ်မဲဆန္ဒနယ် အမှတ် (၂)

အခြေခံဥပဒေပြင်ဆင်ချင်တဲ့သူတွေကလည်း ပြင်ဆင်ဖို့ ကြိုးစားခဲ့ တယ်။ တည်ဆဲဥပဒေကလည်း အကန့် အသတ်တွေရှိနေတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် အကျိုးသက်ရောက်မှု ကြီးကြီးမားမားမဖြစ်နိုင်ပါ ဘူး။ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်သိရှိနိုင်ဖို့ လူထုဆန္ဒခံယူပွဲလုပ်သင့်ပါတယ်။ တပ်မတော်နဲ့ ယုံကြည်မှု တည်ဆောက်မှရမယ်။ ဆူပူအုံကြွမှုနဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုး ဖြစ်စေနိုင်တယ်။ သံသရာတစ်ပတ် လည်ကောင်းလည်သွားနိုင်တယ်။

ဦးစောလှထွန်း
(ဗဟိုကော်မတီဝင်၊ ပြည်ခိုင်ဖြိုး)

ခြေဥပြင်ဆင်ရေးက တစ်ချက်၊ ရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲပေါ့လေ။ ခြေဥပြင်ဆင်ရေးအားထုတ် မှုပေါ်မူတည်ပြီး ပြည်သူတွေရဲ့ တုံ့ပြန်မှုကလည်း ရှိနိုင်တာပဲ။ ပြည်သူတွေကတော့ ကိုယ့်ဒေသအကျိုး ဘယ်လိုဆောင်ရွက်နိုင်မလဲ။ ဒီအပေါ်မူတည်ပြီးတော့ပဲ ရွေးချယ်ကြမယ် လို့ မြင်ပါတယ်။ ဒီတစ်ချက် လောက်နဲ့ လူထုဆန္ဒခံယူပွဲသီးခြားလုပ်ရင် ငွေကြေး၊ အချိန်တွေကုန်မယ်။ ဒီတစ်ချက်နဲ့တော့ သီးခြားဆန္ဒ ခံယူပွဲလုံးဝ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။

ဦးမင်းသူ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်

ဒီမိုကရေစီစနစ်ကို အခြေခံမယ့် နိုင်ငံသွားရေးအတွက် တုံ့ဆိုင်းသွားတယ်လို့ ပြောရတယ်။ အဲဒီအကျိုးဆက် အားဖြင့် ရွေးကောက်ပွဲဆိုတာ ကလည်း ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ရွေးကောက်ပွဲလတ်တလော မဖြစ် နိုင်သေးဘူး။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်ရဲ့ အကြီးအကဲ အုပ်ချုပ်ပိုင်ခွင့်မရသေးဘူးလို့ ပြော လို့ရပါတယ်။ နှစ်ပေါင်း ၆၀ လောက်တည်ရှိခဲ့တဲ့ အာဏာရှင်စနစ် အငွေ့ အသက်တွေကျန်နေသေးတယ်။ ပြုပြင်ပြောင်းလဲမှုလုပ်မယ်ဆိုတဲ့ အခြေအနေမရောက်သေးပါဘူး။ ဒီချုပ်ကို ပြည်သူက ရွေးချယ်ဖို့၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာသုံးခု ရအောင်အစိုးရတစ်ရပ်ဖြစ်အောင် ဆန္ဒမဲပေးဖို့လိုတယ်။ ပြည်သူက ရွေးချယ်ထားတဲ့ လက်ရှိအခြေခံဥပဒေ အရ ရွေးချယ်ထားတဲ့ အစိုးရရဲ့ ဒီမဏ္ဍိုင်တွေဟာ ခိုင်ခိုင်မာမာဖြစ်ပြီဆိုရင်တော့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီးတော့မှ အခြေခံဥပဒေပြင်ဆင်ရေးကို ဆက်လုပ်သွားမှာပါ။ ပြင်ဆင်တဲ့ပုဒ်မကို လူထုဆန္ဒခံယူပွဲလုပ်ဖို့ဆိုတာက အုပ်ချုပ်ရေးနဲ့ကော်မရှင်က တာဝန်ယူရမှာပေါ့။ အခြေခံဥပဒေအရ လက်ရှိပြင်တာကိုက မထိရောက်တဲ့ပြင်ဆင်မှုနဲ့ နိုင်ငံတော်အတွက်  အကျိုးမရှိတဲ့ကိစ္စမျိုးကို လုပ်ထုံးလုပ်နည်းအရ လုပ်ရမယ်ဆိုပေမယ့် အရေးကြီးတဲ့ကိစ္စမဟုတ်ဘဲနဲ့ လိုအပ်၊မလိုအပ်ဆိုတဲ့ကိစ္စမျိုးကတော့ အာဏာသုံးရပ်ကို တာဝန်ယူထားတဲ့ အစိုးရအဖွဲ့အစည်းကပဲ တာဝန်ခံပေးရမှာပေါ့။

ဦးအောင်သန်းတင့်
(ဥက္ကဋ္ဌ၊ ဗမာပြည်သူ့ပါတီ)

အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်ထဲမှာ မအောင်မြင်တဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ အကျပ်အ တည်းဖြစ်လာနိုင်ပါတယ်။ လွတ် လွတ်ကျွတ် ကျွတ်ကြီးတော့ ဖြစ်လာမယ်မထင်ဘူး။ အင်န်အယ်လ်ဒီက လည်း ရွေးကောက် ပွဲဝင်မယ်ဆိုပေမယ့် အခြေခံဥပဒေပြင်ပြီးမှ ၀င်ချင် ခဲ့တာကိုး။ သို့သော်လည်း မပြင် ဘူးဆိုတော့ ရွေးကောက်ပွဲမှာ ဘယ်လို ပြောမလဲ အတိုက်အခံအကျပ်အတည်းတွေရှိလာလိမ့်မယ်လို့ ယူဆ တယ်။ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲက ရမ်းပြီးမလုပ်သင့်ဘူးလို့ ထင်တယ်ဗျ။ သီးသီးခြား ခြားလုပ်နိုင်ရင် သီးခြားလုပ်ပါ။ ရွေးကောက်ပွဲနဲ့ရော လုပ်တယ်ဆိုရင် သဘောရိုးမဟုတ်ဘူးလို့ ကျွန်တော် ယူဆတယ်။ လူထုဆီက သဘောထားကို အတင်းဇွတ်ဆွဲယူသလို ဖြစ်နေမှာပေါ့။ ရိုးသားတဲ့သဘော မပေါ်ဘူးပေါ့။ သီးခြားလုပ်မှလည်း လူထုက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ဆိုပြီး အာရုံတစ်ခုနဲ့ မဲထည့်ရမှာ။ မဟုတ်ရင် လူထုအတွက် သို့လောသို့လော တွေဖြစ်နေမှာပေါ့။ နောက်အစိုးရဟာလည်း လွှတ်တော်ထဲမှာ၊ အစိုးရအဖွဲ့ ထဲမှာ ဒီမိုကရက်တစ်အင်အား စုတွေများလာရင်တော့ ပြောင်းလဲလို့ရမှာပါ။ အဲဒီတော့ ဒီမိုကရက်တစ် အင်အားစုတွေများလာအောင် ရွေးကောက်ပွဲမှာ လူထုက ရွေးချယ်တတ်ဖို့လိုတယ်လို့ ပြောချင်တယ်။

ဦးဝင်းဇော်ဦး
(တောင်ကြီးမြို့ ဒေသခံတရားလွှတ်တော်ရှေ့နေ)

၂၀၀၈ ဖွဲ့စည်းပုံမပြင်ဆင်နိုင်ဘူးဆိုရင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်လည်း မဖြစ်နိုင်ဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်မရဘူးဆိုရင် ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမယ်။ စစ်ရေးအမြင်အစား ကာကွယ် ရေးအမြင်ဆိုတဲ့ စကားလုံးတစ်လုံးကို လူထုဆန္ဒခံယူပွဲမလုပ်သင့်သလို လုပ်လည်းထူးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် ၂၅ ရာခိုင်နှုန်းက လွှတ်တော်ထဲရှိနေသရွေ့ ဘာမှပြောင်းလဲမှာမဟုတ်ဘူး။ နောက်အစိုးရသက်တမ်းကျရင် လွှတ်တော်ထဲမှာ တိုင်းရင်းသားအသံတွေ များများကြားဖို့ လိုတယ်။ ခြေဥက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ အဓိကတားဆီးထားတယ်။ ဒီအခွင့်အရေးတွေ ဖော်ဆောင်နိုင်မှသာ ခြေဥပြင်တဲ့ လမ်းကြောင်းကို ရောက်နိုင်မှာပါ။

ဦးအေးသာအောင်
(ဗဟိုအလုပ်အမှုဆောင်-ရခိုင်အမျိုးသားပါတီ)

အခြေခံဥပဒေကို ရွေးကောက်ပွဲမတိုင်ခင်ပြင်ပေးဖို့ တိုင်းရင်းသား တွေရော ဒီမိုကရေစီအင်အားစုတွေကပါ တစ်ချိန်လုံးတောင်းဆိုနေကြတာပဲ။ အခြေခံဥပဒေကိုပြင်ပေးမှ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ် မယ်။ အဲဒီလိုမှ မဟုတ်ရင် ဒီအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေ နဲ့ မညီတဲ့အတွက် ရွေးကောက်ပွဲ အပေါ်ကို အကျိုးသက်ရောက်တာမို့ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့တော့ ရာနှုန်း ပြည့်ယုံကြည်လို့မရ ပါဘူး။ လွှတ်တော်မှာ ပြင်လိုက်တဲ့အခြေခံသမ္မတလောင်းအရည်အချင်းပြင်ဆင်ချက်က လည်း တပ်ကသဘောတူတဲ့ စကားလုံး လေးသာ ပြင်လိုက် တယ်။ အဲဒီလိုပြင်လိုက်တာကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရဦးမယ်။ ဒီဟာလေး ပြောင်းလဲဖို့အတွက်နဲ့တော့ ပိုက်ဆံတွေ အကုန်ခံပြီး ဆန္ဒခံယူပွဲလုပ် တာကတော့ ပြည်သူတွေအတွက် အကျိုးမရှိ ပါဘူး။ ပိုက်ဆံကုန်တာပဲ အဖတ်တင်တာပါ။အခြေခံဥပဒေပြင် ဆင်ရေးကတော့ လွှတ်တော်ထဲမှာ အောင် အောင်မြင်မြင်ပြင်နိုင်ဖို့ဆိုတာ နိုင်ငံရေးတွေ့ဆုံပွဲ လုပ်ပြီး ကြိုတင်ညှိနှိုင်းသဘောတူညီချက်တွေရမှ ဖြစ်ပါ လိမ့်မယ်။

7Day News Journal 


No comments:

Post a Comment

My Blog List