Friday, July 17, 2015

လယ်သိမ်းဆည်းခံ တောင်သူများ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံသော်လည်း ကျေနပ်အားရလောက်သည့် အဖြေမရခဲ့ဟုဆို


ဧရာဝတီတိုင်းမှ လယ်သိမ်းဆည်းခံရသည့် တောင်သူတစ်ရာခန့်သည် တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း ခဲ့ကြသော်လည်း ကျေနပ်အားရလောက် သည့် အဖြေများမရရှိခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် တောင်သူ လယ်သမားများထံမှသတင်းရရှိသည်။

ယခင်အစိုးရလက်ထက်က စီမံကိန်းအမျိုးမျိုးကြောင့်လယ်ယာမြေ သိမ်းဆည်းခံခဲ့ရသည့် ညောင်တုန်း၊ မအူပင်၊ ကန်ကြီးထောင့်၊  ငပုတောနှင့်ပုသိမ်မြို့နယ်များမှတောင်သူလယ်သမားများသည်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ပြီး ဇူလိုင် ၁၅ ရက်က ၀န်ကြီးချုပ် ကိုယ်စား ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်နှင့်ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ တွေ့ဆုံခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ တောင်သူတွေက လိုအပ်ချက်ရှိတာတွေကို တင်ပြတယ်။ တင်ပြတဲ့အပေါ်မှာ တောင်သူတွေ ဘက်က လိုလိုလားလားနဲ့ ကူညီဖြေရှင်း ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်မသက်ရောက်ဘူး။ တာဝန်ရှိသူတွေက တာဝန်ကျေ လုပ်တဲ့၊ ပြောတဲ့အနေအထား တွေကိုပဲ တွေ့ရတယ်။ ကျေနပ် အားရမှုတော့ မရှိဘူး’’ဟု မအူပင် မြို့နယ် ထနီးကျေးရွာမှ တောင်သူ ဦးစိန်ဝင်းကပြော သည်။

‘‘သူတို့ (လယ်ယာ သိမ်း ဆည်းထားသူများ)ကို တို့က စွန့် လွှတ်ခိုင်းလို့မရ ဘူး။ ပြည်ထောင် စုကပဲရတယ်။ သူတို့(ပြည်ထောင် စုအစိုးရ)က တို့ထက်ပိုပြီး ပါဝါကြီးတယ်လေ။ သူက ပါဝါကြီးတော့ ဆုံးဖြတ်လို့ရတယ်။ သူတို့ ဒီလယ်တွေကို စွန့်လွှတ်လာတဲ့ အထိစောင့်၊ မစောင့်နိုင်ရင်တော့ မင်းတို့ တရားရုံးကနေ တရားစွဲ ပေါ့’’ ဟု ၀န်ကြီးဦးစန်းမောင်က တောင်သူ များနှင့်တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

‘‘ခရိုင် အုပ်ချုပ်ရေးမှူးက ပြောတယ်။ မင်းတို့ဘယ်လောက် မှန်မှန် သူတို့ (လယ်ယာသိမ်းဆည်းထားသူ များ)မစွန့်လွှတ်ဘူးဆိုရင် ဘာမှလုပ်ပေးလို့မရ ဘူး။ ကျွန်တော်တို့မှာ အားကိုးစရာ မျှော်လင့်စရာမရှိသ လောက်ဖြစ် နေပြီ’’ဟု ငှက်ပျောကျွန်းကျေးရွာ မှ တောင်သူဦးအောင်မြင့်ကပြော ပြသည်။

မြေယာနစ်နာဆုံးရှုံးမှုများ အတွက် တောင်သူအများစုသည် လယ်ယာမြေ ဥပဒေအရ မြေယာမှုခင်းဖွင့်လှစ် ဆောင်ရွက်ခဲ့ကြသော်လည်း တစ်ဆက် တည်းငါးနှစ်လုပ်ကိုင်သူများကိုသာ ဦးစား ပေးချထားခဲ့သဖြင့် တောင်သူ အများစုသည်ဆုံးရှုံးနစ်နာမှုများစွာရှိနေသည်ဟုဆိုသည်။

‘‘ဖြေရှင်းပေးရမှာ အစိုးရရဲ့တာဝန်လို့မြင်တယ်။ စွန့်လွှတ်မှ လုပ်ပေးလို့ရမယ် ဆိုတာတော့ မဖြစ်သင့်ဘူး။ အမှန်တကယ်စွန့် လွှတ်တဲ့ လယ်ယာမြေတွေ ရှိပြန်တော့လည်း တောင်သူတွေပြန်မ ရတာတွေက အများကြီးဖြစ်နေတယ်’’ ဟု လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN)မှ ကိုမြင့်နိုင်က ပြော ကြားသည်။

7Day News Journal


No comments:

Post a Comment

My Blog List