Monday, July 13, 2015

ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ငါးဦး ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်


ပြည်ခိုင်ဖြိုးပါတီဝင်များ ဖြစ်သည့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးလေးဦး ပါတီမှ နုတ်ထွက်သွားပြီး နောက် ပါတီ၏ ပြည်နယ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်သော ဦးခင်မောင်ဦး  ထပ်မံနုတ် ထွက်သွားကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ ဒုညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ပြောသည်။

ကယားဝန်ကြီးလေးဦးဖြစ်ကြသော ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ ပြည်နယ်လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးစောဟူးဟူး၊ ဗမာတိုင်းရင်း သားရေးရာဝန်ကြီး ဦးစိန်ဦးနှင့် ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး ဦးအောင်နိုင်ဦးတို့  ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်လိုက်သည်ဟု ဇူလိုင် ၅ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ သီတင်းတစ်ပတ်ခန့်အကြာတွင် ၀န်ကြီးချုပ်ဦးခင်မောင်ဦးပါ ပါတီမှ ထပ်မံနုတ်ထွက်သွား သည်ဟု သတင်းရရှိသည်။

ဝန်ကြီးချုပ် ဦးခင်မောင်ဦး ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်သွားခြင်းနှင့် ပတ် သက်၍ ဦးအောင်ဇော်မိုးက ‘‘ပါတီဝင်အဖြစ်ကနေ နုတ်ထွက်လိုက်တာပါ။ အုပ်ချုပ် ရေးယန္တရားနဲ့တော့ မသက်ဆိုင်ပါ ဘူး။ ပြည်ထောင် စုလွှတ်တော် တို့၊ ဘာတို့မှာလည်း လွှတ်တော်ကိုယ် စားလှယ်တွေ ဒီဘက်ပါတီကနေ ဟိုဘက်ပါတီကို ကူးတာတွေရှိကြတယ်လေ။ အဲဒီသဘောမျိုးပါပဲ။ သူကတော့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်တာဖြစ်တဲ့ အတွက် သူသည် ကျောထောက်နောက်ခံပါတီသည် ပြည်ခိုင်ဖြိုးမဟုတ်တော့ဘူး။ တစ်သီးပုဂ္ဂလဖြစ်သွား တာ ပေါ့’’ဟု ဆိုသည်။

ပြည်နယ်အဆင့်တွင် ပါတီခေါင်းဆောင်များ နုတ်ထွက်သွားခြင်းမှာ  ပြည်နယ်ဝန်ကြီးချုပ်နေရာကို ကြံ့ခိုင် ရေးပါတီ (ဗဟို)ကကြိုတင်လျာထား သည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဖြစ် နိုင်ကြောင်း လွိုင်ကော် မြို့ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက ခန့်မှန်းပြောကြားသည်။

‘‘ဒီမတိုင်ခင် ကျွန်တော်တို့ ကြားတာက ပြည်နယ်ဝန်ကြီးတွေ ရဲ့ နေရာကို လျာထားပြီးသားရှိတယ်ဆိုတဲ့ အခြေအနေမျိုးအသံ ကြားတယ်။ ဗဟိုကနေ လျာထားတယ်ဆိုတော့ အဲဒီလို ကြားပြီး မရှေးမနှောင်းလေး မှာပဲ ထပ်ပြီး တော့မှဒီကိစ္စဖြစ်တာ’’ဟု လွိုင်ကော်မြို့ဒေသခံ ဦးသူရိန်ရွှေကပြောသည်။

အမည်မဖော်လိုသည့် ဒေသခံ  ကရင်တိုင်းရင်းသားခေါင်း ဆောင်တစ်ဦး ကလည်း  ‘‘ဒါကတော့ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေ ကယားပြည်နယ်မှာ လာပြီးရွေးမယ်လို့သတင်းတွေက ကြားတဲ့ အခါကျတော့ သူတို့အနေနဲ့လည်း သူပါတီအထက်က လူကြီးတွေ နေရာရဖို့သူတို့အသိစိတ် နဲ့ နေရာဖယ် ပေးလိုက်တယ်လို့ပဲ ကျွန်တော်တို့ မြင်ပါတယ်’’ဟု ပြောကြား သည်။

ပါတီမှ နုတ်ထွက်သွားသော ကယားပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးက ‘‘ကျွန်တော် တို့ကတော့ နုတ်ထွက်ခွင့်ပြုပါလို့ တင်တာ မဟုတ်ဘူးဗျ။ ပါတီကနေ နုတ်ထွက်ပြီလို့ပဲ ကျွန်တော်တို့ တင်လိုက်တာ။ ပါတီအတွင်း ဒီမိုကရေစီအရတော့ လုပ်ချင်လည်း လုပ်မယ်။ မလုပ်ချင်လည်း မလုပ်ဘူး။ လူ့အခွင့်အရေးပေါ့ဗျာ။ ဒီမိုကရေစီမှာ သိတဲ့အတိုင်းပဲလေ။ ပါတီထဲမှာလည်း ဒီမိုကရေစီတည်ဆောက်နေ တယ်ဆိုတော့လေ’’ ဟု ဆိုသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးချစ်လှက၎င်းအနေဖြင့်  လက်ရှိအစိုးရအဖွဲ့တွင်   အစိုးရသစ်မ တက် ၂၀၁၆ မတ်လကုန်အထိရှိ နေမည်ဖြစ်ပြီး အကယ်၍ ဒေသခံများက တောင်းဆိုမှုရှိပါက ရွေးကောက် ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် ၀င်ရောက်ယှဉ် ပြိုင်မည်ဟု ဆိုသည်။

ယခုသတင်းနှင့်ပတ်သက်၍ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန် လည် ဖြေကြားခြင်းမရှိ ခဲ့ပေ။ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက လက်ရှိအစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင် နေဆဲ ဖြစ်ပြီး ပြည်နယ်အဆင့်ပါတီဝင်များ ယခုကဲ့သို့ နုတ်ထွက်သွား ခြင်းမှာ အစိုးရအဖွဲ့နှင့် မသက်ဆိုင်ဘဲ ပါတီနှင့်သာ တိုက်ရိုက် သက်ဆိုင်သည်ဟု ဖြေကြားသည်။ 

နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းက ယခုကဲ့သို့ ပြည်နယ်အဆင့် ပါတီဝင်များနုတ်ထွက်ခြင်းမှာ ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ပြဿနာတစ်ခုခုကြောင့်နုတ်ထွက်ရသည် ဟု ယူဆကြောင်းပြောကြားသည်။

7Day News Journal     


No comments:

Post a Comment

My Blog List