Thursday, July 09, 2015

အာရှလမ်းမကြီးကို အစိုးရတပ် ထိန်းချုပ်၊ ပစ်ခတ်မှုများဆက်ရှိနေ


အစိုးရ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး အာရှလမ်းမကြီး တလျှောက် နယ်မြေရှင်းလင်း ရေးနဲ့ လမ်းလုံခြုံရေးတွေကို ဆောင်ရွက်နေပေမယ့် သေနတ်သံတွေ ကြားနေရဆဲပဲလို့ ကော့ကရိတ်မြို့ခံ ဦးအောင်ကိုက ပြောပါတယ်။

“ဒီကနေ့ ပြန်ပစ်နေတယ်။ ၉၇ တပ်ကနေပြီးတော့။ ၁၅ မိနစ်၊ နာရီဝက် လောက်တခါ တလုံး၊ တလုံး ပစ် ထုတ်နေတယ်။ မြို့ပြင်ဘက်ကို။  နောက်ရွာ သစ်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားနေတယ်။ အာရှ လမ်းသစ်ဘက် မှာပေါ့။ ဒါပေမယ့် အတည်ပြုလို့ရသေးဘူး။ အခုနတုန်းကတော့ တပ်က ကားနှစ်စီး ရဲဘော် အပြည့်နဲ့ ထွက်သွားပြီ။”

မနေ့ကစပြီး ကော့ကရိတ်-မြ၀တီ လမ်းဟောင်းမှာ သွားလာနေကြပြီဖြစ်ပေ မယ့် လမ်းသစ်ကိုတော့ သွား လာလို့မရသေးပါဘူး။

ဒီကေဘီအေတပ်ရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောလုံ့လုံကတော့ ဒီမနက် တိုက်ပွဲဆက်ဖြစ်နေ တယ်လို့ ကြားပေမယ့် အောက်ခြေက သူတို့ ရဲဘော်တွေနဲ့ ဆက်သွယ်မှုမရှိကြောင်း ပြောပါတယ်။

တပတ်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဇူလိုင် ၇ ရက်နေ့က ဒီကေဘီအေ တာဝန်ရှိသူ၊ နယ်ခြား စောင့်တပ်ဖွဲ့နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က တာဝန်ရှိသူတွေ အရှေ့တောင်တိုင်းစစ် ဌာနချုပ်ကိုသွားပြီး ဆွေးနွေးခဲ့ပေမယ့် တိကျတဲ့ အဖြေမရှိသေးဘူးလို့လည်း ဗိုလ်မှူးစောလုံ့လုံက ပြောပါ တယ်။

“နောက်ဆုံးအဖြေပေါ်လာတာကတော့ တပ်နဲ့ ပြန်ညှိဖို့ပါပဲ။ အဲဒီအစည်း အဝေးမှာ ဘာမှတော့ ရေရေရာ ရာ အဖြေမထွက်ခဲ့ဘူး။ သို့သော်လည်း ကေအန်ယူဘက်က ဗိုလ်မှူးဖောဒိုက ညှိနှိုင်းပေးမယ်လို့ ပြောတယ်။ နောက်ဆုံးတခုတော့ ပြေလည်သွားတာပေါ့လေ။ မနေ့က အစိုးတပ်ဘက်က စဆုတ်တယ်လို့ ပြောတယ်။ သို့သော်လည်း ကျနော်တို့ အတိအကျ မသိသေးဘူး။ တကယ်ပဲ ဆုတ်သွားသလား၊ ဘယ်လိုအခြေအနေ ရှိသလဲ မသိသေးဘူး။ အခုကလည်း သေနတ်သံတွေကြားရတယ်ပေါ့ဗျာ။”

အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တို့ ဇူလိုင် ၂ ရက်နေ့ကတည်းက စပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပါတယ်။

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဇူလိုင်လအတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်း ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး တိုးမြှင့်ကာ ဖွင့်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ချိန် မှာ တိုက်ပွဲတွေ စတင်ခဲ့တာပါ။

DVB

No comments:

Post a Comment

My Blog List