Tuesday, July 14, 2015

သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူ ၁၃ ဦး အာမခံဖြင့် လွတ်မြောက်



အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ရိုက်နှက် ဖမ်းဆီး တရားစွဲခံ ထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူ ၁၃ ဦးကို ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့ ရုံးထုတ်မှာ အာမခံနဲ့ လွှတ်ပေးလိုက် ပါတယ်။


အာမခံနဲ့ လွှတ်လာသူတွေကတော့ ကိုသန်းဆွေ (ခေါ်) ကိုဆွေ၊ ကိုရဲဝင်းအောင်၊ ကိုမင်းချစ်သူ၊ ကိုဝေယံမင်းလွင်၊ ကိုမင်းသူရှိန်၊ ကိုမြတ်မင်းမော်၊ ကိုကျော်ဇောခန့်၊ ကိုရဲဝင်းအောင် (ခေါ်) ရွှေကြယ်မိုး၊ ကိုတင်ကိုဦး၊ ဒေါ်သန်းအေး၊ ကိုသက်ပိုင်ထွန်း၊ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင်တို့ အာမခံရရှိတာ ဖြစ်တယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ကျနော်တို့ ခရိုင်တရားရုံးက ချမှတ်ထားတဲ့အတိုင်း သိန်း ၅၀ တန် ခံဝန်သူ ၂ ဦးနဲ့ အာမခံပေးခြင်း ဖြစ်ပါတယ်။ တယောက်ကို သိန်း ၅၀ တန် ခံဝန်သူနှစ်ယောက်။ ဒါပေမယ့်လို့ အိမ်ပိုင်ဆိုင်မှု ရယက ထောက်ခံစာတွေနဲ့လည်း ပေးပါတယ်။ ပေးတဲ့နေရာမှာလည်းပဲ သိပ်ပြီးတော့ ခက်ခဲမှု မရှိပါဘူး။ အဆင်ပြေမှုရှိပါတယ်။”

ကျောင်းသားနဲ့ ၀န်းရံပြည်တွေ အခုလို အာမခံရတဲ့အတွက် ရှေ့ဆက် တခြားသူတွေအတွက် အာမခံဆက်လျှောက်ဖို့ ရှိတယ်လို့လည်း ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

အာမခံနဲ့ ပြန်လွတ်လာသူ ၀န်းရံပြည်သူ ဒေါ်သန်းအေးကတော့ အခုလို အာမခံပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာပေ မယ့် အစကတည်းက သူတို့ကို ဖမ်းချုပ်ရမယ့်သူတွေ မဟုတ်ဘူးလို့ ပြောပါတယ်။

“အတိုင်းထက်အလွန် ၀မ်းသာတာပေါ့။ ဒါပေမယ့် ကျမတို့က အာမခံပဲရတာ။ ရုံးချိန်းတွေကတော့ လာနေရမှာပဲလေ။ တရားဥပဒေက မညီညွတ်ဘူး။ ကျမတို့ကို စွဲထားတဲ့ အမှု ပုဒ်မတွေက ကျမတို့နဲ့ ဘာမှမပတ်သက်ဘူး။ ကျမတို့က သူတို့ရဲ့ အာဏာကိုလည်း တောင်းတာမဟုတ်ဘူး။ ကျမတို့က ကလေးတွေရဲ့ ပညာရေးတောင်းဆိုတာကို ၀န်းရံပေး တာပဲရှိတယ်။ သူတို့တပ်ထားတဲ့ ပုဒ်မတွေက ကျမတို့နဲ့ တခုမှမညီဘူးလို့ပဲ ပြောလို့ရမှာပေါ့။”

ဒီကနေ့ ရုံးထုတ်မှာ အာမခံရသူတွေကို အမိန့်ချတာကလွဲလို့ ကျန်တဲ့အမှုကို မစစ်ဆေးဖြစ်ဘဲ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုထား တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၇ ရက်နေ့က ခရိုင်တရားရုံးမှာ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၁၁ ဦးကို အာမခံပေးခဲ့ပြီး နောက်ထပ် ၃ ဦး ကတော့ မြို့နယ်က ဒီကနေ့ အာမခံပေးလိုက်တာ ဖြစ်ပါတယ်။
DVB


No comments:

Post a Comment

My Blog List