Monday, July 13, 2015

ဒီချုပ်ကိုယ်စားလှယ်အဖြစ် အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသားဦးစား ပေးမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသားများကို  ဦးစားပေး စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် အင်န်အယ် လ်ဒီက ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းများ တင်သွင်းစိစစ်ရွေးချယ်ရေး ညွှန်ကြားချက်နှင့် အဆိုပြု လျှောက်လွှာပုံစံများ၌ ပါရှိသည်။

အင်န်အယ်လ်ဒီ ပြည်နယ်/တိုင်း၊ မြို့နယ်အသီးသီး၏  အလုပ်အမှုဆောင်အဖွဲ့များ၊ ရွေးကောက်ပွဲအောင် နိုင်ရေးအဖွဲ့များသို့ ပေးပို့သော လွှတ်တော် ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ရေးအခြေခံများ အဖြစ် (၉)ချက် ပါရှိသည့်အနက် အစိုးရ အဖွဲ့တွင် ဦးဆောင်နိုင်မည့် အရည်အချင်းနှင့်ပြည့်စုံ သောပုဂ္ဂိုလ် များ ပါဝင်ရန်၊ အရည်အချင်းတူပါက (၁) အမျိုးသမီး၊ (၂) လူငယ်၊ (၃) တိုင်းရင်းသားတို့ကို အစီအစဉ်အ လိုက် ဦးစားပေးရန်ဆိုသည့် အချက်များ ပါရှိသည်။

ကိုယ်စားလှယ်လောင်းအဆိုပြုလျှောက်လွှာတွင် အချက်ပေါင်း (၂၁) ချက် ပါပြီး လျှောက်ထားသူအနေဖြင့် ကျန်းမာရေးစစ်ဆေးချက် ရှစ်မျိုးကိုလည်း ပူးတွဲ တင်ပြရမည်ဟု ပါရှိသည်။

နိုဝင်ဘာရွေးကောက်ပွဲအတွက် အင်န်အယ်လ်ဒီပါတီမှ ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်း အဆိုပြုလျှောက်လွှာတင်သူများအနေဖြင့် ပိုင်ဆိုင်မှု ဝန်ခံချက်လည်း တင်ပြရမည်ဖြစ်သည်။ မရွှေ့ပြောင်း နိုင်သော ပစ္စည်းများ၊ ဘဏ်စာရင်း၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစု ရှယ်ယာများ၊ တစ်နှစ်စာပုံမှန် ဝင်ငွေ၊ အခြားဝင်ငွေများ အစရှိသည်တို့ကို ဖော်ပြရမည် ဖြစ်သည်။ ထိုပိုင်ဆိုင်မှု တစ်စုံတစ်ရာ အပေါ် အခြေပြု၍ သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်တိုးတက်မှုများ ရရှိလာခြင်း၊ ရရှိစေခြင်းရှိပါက ပွင့်လင်းမြင်သာစွာ သိရှိရန် လိုအပ်မှုအရ အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ (သို့မ ဟုတ်) ဥက္ကဋ္ဌက တာဝန်ပေးအပ် သူနှင့် ပူးပေါင်းဆောင်ရွက်မည် ဟု ဝန်ခံရန်လိုကြောင်းလည်း ပါရှိသည်။ အဂတိတရားလေးပါးကင်း ရှင်းမည့် အကြောင်း ကတိသစ္စာ ပြုရမည်ဟုလည်း ပါရှိသည်။

အင်န်အယ်လ်ဒီ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၄၉၂ နေရာ၌ ၃၉၂ နေရာအထိ (အမတ်နေရာ ၈၀ ရာခိုင်နှုန်းခန့်) အနိုင်ရရှိ ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ဝင်ရောက် မယှဉ်ပြိုင် ခဲ့ပေ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၄၅ နေရာရှိရာ ၄၃ နေရာ တွင် ဒီချုပ်က အနိုင် ရရှိခဲ့သည်။ 

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပေးမည်ဖြစ်ကာ လွှတ်တော် အသီးသီး ၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းနိုင်သည့် နောက်ဆုံးရက်ကို သြဂုတ် ၈ရက်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်၌ ထုတ်ပြန်ကြေ ညာထားသည်။

7Day News Journal 


No comments:

Post a Comment

My Blog List