Friday, July 17, 2015

မွတ်ဆလင် အမျိုးသမီး ခြုံထည် (ဘူကာ) ကို အကာအကွယ်ယူသည့် ဗုံးခွဲမှုဖြစ်ပြီးနောက် ကင်မရွန်းတွင် ဘူကာဝတ်ဆင်မှု ပိတ်ပင်မည်


ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကင်မရွန်းတွင် မွတ်ဆလင် ဘာသာရေးအရ ဝတ်ဆင်ရသော အမျိုးသမီး ခြုံထည်ဝတ်စုံ (ဘူကာ)ကို အကာအကွယ်ယူလျက် အမျိုးသမီးနှစ်ဦးက ဗုံးခွဲတိုက်ခိုက်သွားခဲ့ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ယင်းဒေသတွင် (ဘူကာ) ဆင်မြန်းခြင်းကို ပိတ်ပင်လိုက်ကြောင်း VOA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် ကင်မရွန်းနိုင်ငံ မြောက်ပိုင်း ဖိုတိုကိုးမြို့တွင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ရ သည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် ခြေကုပ်ယူထားသော ဘိုကိုဟာရမ် အစ္စလာမ္မစ် အစွန်းရောက်များက အဆိုပါ တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့သည်ဟု အာဏာပိုင်များက ယူဆကြသည်။

“ဒေသရဲ့ လုံခြုံရေးအခြေအနေ ယိုယွင်းလာတာမို့ ဘူကာဝတ်ဆင်မှု ပိတ်ပင်ခြင်းကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်” ဟု ယင်းဒေသ အုပ်ချုပ်ရေးမှူး မစ်ဂျီဗာဝါဘာကာရီက ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ် လှုပ်ရှားနေသော နေရာများ၌ အသေခံဗုံးခွဲခြင်း သတင်းများ နေ့စဉ်ကြားရ လေ့ ရှိသော်လည်း မကြာသေးခင်ကာလများ၌ အိမ်နီးချင်းနိုင်ငံများသို့လည်း ကူးစက်လာခဲ့သည်။

အိမ်နီးချင်း ချာ့ဒ်၊ ကင်မရွန်းနှင့် နိုင်ဂျာနိုင်ငံတို့သည် နိုင်ဂျီးရီးယား၏ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ပွဲကို ဝိုင်းဝန်းကူညီကြသည်။

ချာ့ဒ်နှင့် ကင်မရွန်းတို့တွင် ဖြစ်ပွားသော မကြာသေးခင်က ဖောက်ခွဲတိုက်ခိုက်မှုများသည် ဘိုကိုဟာရမ်၏ လက်စားချေမှု ဖြစ်နိုင်သည်ဟု စစ်တပ်များက ခန့်မှန်းထားကြသည်။

ချာ့ဒ်နိုင်ငံတွင်လည်း မြို့တော်အန်ဒီ ဂျာမီနာတွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့လေရာ ဗုံးခွဲသမားများက အစ္စလာမ်အမျိုးသမီး ဝတ်ရုံကို အကာအကွယ်ယူ တိုက်ခိုက်သွားခဲ့ကြသည်။

ချာ့ဒ်တွင် ဖြစ်ခဲ့သော ပေါက်ကွဲမှု၌အမျိုးသားတစ်ဦးက အမျိုးသမီးဝတ်စုံကိုဝတ်ပြီး လူစည်ကားရာဈေးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ စုစုပေါင်း လူ ၁၅ ဦး သေဆုံးခဲ့ရသည်။

ကင်မရွန်းရှိ ဘိုကိုဟာရမ် ဝင်ရောက်လှုပ်ရှားရာ နယ်မြေများတွင် အစ္စလာမ်အမျိုးသမီးဝတ်ရုံ ဝတ်ဆင်ခြင်း ကို တားမြစ်ခြင်းသာမက မော်တော်ဆိုင်ကယ်စီးခြင်းကိုလည်း လိုအပ်ချက်အရ ပိတ်ပင်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List