Friday, July 17, 2015

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ရန် ရန်ပုံငွေ ရှာဖွေရာတွင် ဂျက်ဘ်ဘွတ်ရှ်နှင့် ဟီလာရီကလင်တန် ဦးဆောင်


အမေရိကန်ပြည်ထောင်စုတွင် ယခင်သမ္မတများ၏ မိသားစုဝင်များ ဖြစ်ကြသော သမ္မတလောင်းနှစ်ဦးသည် ၂၀၁၆ သမ္မတရွေးပွဲအတွက် ရန်ပုံငွေ ရှာဖွေရာတွင် ထိပ်မှပြေးနေသည်ဟု Associated Press သတင်း တွင် ဖော်ပြသည်။

ဒီမိုကရက် ဟီလာရီကလင်တန်နှင့် ရီပတ်ဘလစ်ကန် ဂျက်ဘ်ဘွတ်ရှ်တို့သည် သမ္မတလောင်း ၂၂ ဦး စုစုပေါင်း ရရှိသော ရန်ပုံငွေ၏ ထက်ဝက်ခန့်ရှိသော ဒေါ်လာ ၁၇၆ သန်းကျော် ရရှိခဲ့ကြသည်ဟု ဆိုသည်။

သမ္မတလောင်းများသည် ကနဦးရန်ပုံငွေကောက်ခံမှုအစီရင်ခံစာကို ဖက်ဒရယ် ရွေးကောက်ပွဲကော်မရှင်ထံ သို့ ဗုဒ္ဓဟူးနေ့တွင် တင်သွင်းကြရ သည်။ ကော်မရှင် အစီရင်ခံစာတွင် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ သမ္မတ လောင်း ၂၂ ဦး၏ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုများကို ဖော်ပြထားပြီး အနည်းဆုံး ဒေါ်လာ ၂၀၀ လှူဒါန်းသူများကို စာရင်းပြုစုထားရာ အများဆုံး ထည့်ဝင်သော ပမာဏမှာ ဒေါ်လာ ၂၇၀၀ ဟု သိရှိရ သည်။

အကြီးစား အလှူရှင်များထံမှ ငွေပမာဏ အကန့်အသတ်မရှိ လက်ခံနိုင်၊ သုံးစွဲနိုင်သော Super PAC (ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ) များ၏ အချက်အလက်များကိုလည်း ယခုလကုန်တွင် ကော်မရှင် ထံ တင်သွင်းကြရ မည် ဖြစ်သည်။ သမ္မတရွေးပွဲအတွက် ယခုအချိန်အထိ ကောက်ခံရရှိသော ရန်ပုံငွေ အကြမ်းဖျင်း ဒေါ်လာ သန်း ၄၀၀ ၏ သုံးပုံနှစ်ပုံခန့်ကို Super PAC များက ရရှိထားကြသည်ဟု ဆိုသည်။

ဂျက်ဘ်ဘွတ်ရှ်၏ Right to Rise အောင်နိုင်ရေး ကော်မတီသည် ဒေါ်လာ ၁၀၃ သန်း စံချိန်တင် ကောက်ခံ ရရှိကြောင်း ပြောကြားထားရာ ၎င်းကဲ့သို့ များများလက်ခံသုံးစွဲနိုင်သော သမ္မတလောင်း မရှိသေးပေ။

လောလောဆယ် မဲဆွယ်ရန် ရန်ပုံငွေ သုံးစွဲမှုတွင် ဟီလာရီကလင်တန်က ထိပ်မှပြေးနေပြီး ဇွန်လကုန်တွင် ရရှိသော ရန်ပုံငွေ ဒေါ်လာ ၄၇ သန်း၏ ၄၀ ရာခိုင်နှုန်းကို သုံးစွဲကာ ဝန်ထမ်း ၃၆၄ ဦး ခန့်အပ်၍ နိုင်ငံ တစ်ဝန်း မဲဆွယ်ရန် ပြင်ဆင်လျက်ရှိသည်။ ဂျက်ဘ်ဘွတ်ရှ်မှာမူ ဇွန်လကုန်တွင် ရရှိသော ရန်ပုံငွေ ဒေါ်လာ ၁၁ ဒသမ ၄ သန်း၏ လေးပုံတစ်ပုံကို ဝန်ထမ်းလစာပေးခြင်း၊ မူဝါဒ တိုင်ပင်ခြင်း စသော ကိစ္စများ၌ အများ အပြား သုံးစွဲနေသည်။

၎င်းရန်ပုံငွေများသည် အဆိုပါ သမ္မတလောင်းများထံသို့ တိုက်ရိုက်ရောက် သွားခြင်း ဖြစ်သောကြောင့် မည်သို့ အသုံးပြုသည်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြရခြင်း ဖြစ်သည်။

ဘွတ်ရှ်၏ မဲဆွယ်ရန်ပုံငွေ ၃ ရာခိုင်နှုန်းနှင့် ကလင်တန်၏ ရန်ပုံငွေ ၁၇ ရာခိုင်နှုန်းမှာ အသေးစား အလှူရှင် များထံမှ လက်ခံရရှိခြင်း ဖြစ်သည်ဟု နှိုင်းယှဉ်သိရှိရသည်။

အချို့သမ္မတလောင်းများမှာမူ မဲဆွယ်ရန်ပုံငွေ တရားဝင် စတင်ကောက်ခံ နိုင်ခြင်း မရှိသေးသောကြောင့် ဖက်ဒရယ် ရွေးကောက်ပွဲကော်မရှင်ထံ အစီရင်ခံစာ မတင်သွင်းရသေးပေ။

The Voice Weekly


No comments:

Post a Comment

My Blog List