Tuesday, July 14, 2015

ဦးသိန်းစိန် ရွေးကောက်ပွဲဝင်ခြင်း၊ မ၀င်ခြင်းသည် သမ္မတဖြစ်ခြင်း မဖြစ်ခြင်းနှင့် ဆက်စပ်မှုမရှိ



“စစ်တပ်က သဘောကျသည်ဟုဆိုသည့် ဦးသိန်စိန်သည်သာ သမ္မတပြန်ဖြစ် လာနိုင်ခြေ များနေသည်ဟု ဆိုရမည့် အနေအထားတွင် ရှိနေသည် . . .” ဇူလိုင် ၁၄ ရက်နေ့ထုတ် ပြည်တွင်းသတင်းစာများတွင် ''၂၀၁၅ ရွေးကောက် ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် သမ္မတ ဦးသိန်းစိန် ပါဝင်ခြင်းမရှိ''ဟူသော ခေါင်းစီးဖြင့် မျက်နှာဖုံး တင်ကာ သတင်းထူးတပုဒ် ပုံစံဖြင့် ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။ 


တကယ်တော့ သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲဝင်ခြင်း မ၀င်ခြင်းက အထူးအဆန်းဟု မဆိုသာပေ။ ဒုတိယအကြိမ် သမ္မတသက်တမ်းဆက်လုပ်ခြင်း၊ မလုပ်ခြင်းနှင့်လည်း ဆက်စပ်ပတ်သက်မှုမရှိပေ။ သို့သော် တိုင်းပြည်၏ အမြင့်ဆုံး တာဝန်ထမ်း ဆောင်နေသည့် ပုဂ္ဂိုလ်တဦးအနေဖြင့် ရွေးကောက်ပွဲ ဆက်မ၀င်ဆိုသည် ကိုတော့ ပြည်သူများအနေဖြင့် သိရှိထားသင့်သလို မီဒီယာများအနေဖြင့် လည်း သတင်းအဖြစ် ဖော်ပြပေးသင့်ပေသည်။

အတွဲ(၁၀)၊ အမှတ် (၁၀)၊ ၁၄-၇-၂၀၁၅ အင်္ဂါ (ဇူလိုင် ၁၀ ရက်၊ သောကြာနေ့က ဖြန့်ချိ) နေ့စွဲဖြင့် ထုတ်ဝေသည့် News Watch အချပ်ပို (ခ) တွင် ထိုသတင်းကို ထည့်သွင်းဖော်ပြခဲ့သည်။ အထူးအဆန်း ဖြစ်ရပ်မဟုတ်ခြင်းကြောင့် ဖော်ပြရန် သင့်မသင့်ဆိုသည်နှင့်ပတ်သက်၍ အယ်ဒီတာအဖွဲ့တွင် အငြင်းအခုံ ဖြစ်ခဲ့သေးသည်။ ရှမ်းတိုင်းရင်းသားများ တိုးတက် ရေးပါတီမှ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၏ ပြောကြားချက်ကို အခြေခံရေးသားခဲ့ခြင်း ဖြစ်သည်။ ပိုမိုခိုင်မာသည့်အချက်အလက်ရရှိနိုင်ရန် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းတာဝန်ရှိပုဂ္ဂိုလ် တချို့ကို ဇူလိုင် ၉ ရက်နေ့ ညနေပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့သော် လည်း အဆက်အသွယ်မရခဲ့ပေ။ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးလည်းဖြစ်၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦလည်းဖြစ်သည့် ဦးသာဝင်းကို News Watch မှ ဆက်သွယ် မေးမြန်းရာတွင်လည်း အဆိုပါကိစ္စမှာ မသိရသေးကြောင်းနှင့် ပြီးပြတ်မှု မရှိသေးကြောင်း ပြော ကြားခဲ့သည်။ 

ဇူလိုင် ၁၃ ရက်နေ့တွင် ပြည်ပအခြေစိုက်သတင်းဌာနများက ထိုသတင်းကို ဖော်ပြခဲ့ကြသည်။ ၁၄ ရက်နေ့ထုတ် ပြည် တွင်းသတင်းစာများတွင် ဆက်လက်ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ တော်တော်များများက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်တဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်သည့် သူရဦးအောင်ကို၏ ပြောကြားချက်ကို အခြေခံကာ ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယအကြိမ် သမ္မတသက်တမ်းဆက် လုပ်မလုပ်ဆိုသည်နှင့်ပတ်သက်၍ လက်ရှိအချိန်ထိ တိကျပြတ်သားသည့် ပြောကြားထားမှု မရှိသေးပေ။ ထိုတိကျပြတ်သားမှုမရှိသည့်နေရာတွင် ကျန်းမာရေးအခြေအနေမှာ အကြောင်းအရင်းတရပ်အဖြစ် ပါဝင်နေသည်ကို တွေ့ရသည်။ သမ္မတဦးသိန်းစိန်၏နှလုံးတွင် စက်တပ်ထားရကြောင်း သိရသည်။ 

ပါတီတွင်း အုပ်စုကွဲ၊ အားပြိုင်မှုများရှိနေခြင်းကလည်း ဦးသိန်းစိန်အတွက် တိကျပြတ်သားသည့် ဆုံးဖြတ်ချက်တခုကို ချမှတ်ရန် အခက်အခဲ ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ ပြည်ခိုင်ဖြိုးပါတီတွင် သူရ ဦးရွှေမန်းအုပ်စုနှင့် ဦးသိန်းစိန်အုပ်စုဟူ၍ အုပ်စုနှစ်စုကွဲနေကြောင်း သုံးသပ်ကြသည်။ ပြုပြင်ပြောင်းလဲရေးဝါဒီတချို့က သူရဦးရွှေမန်းကို ထောက်ခံကြပြီး အတိတ်ကို ဆက်လက်ထိန်းသိမ်းလိုသည့် စစ်အာဏာရှင်ဝါဒီများက ဦးသိန်းစိန်ကို ထောက်ခံကြသည် ဟု သုံးသပ်ကြသည်။ 

ကာချုပ်မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်ကလည်း ဦးသိန်းစိန်ကို ထောက်ခံကြသည်ဟူသော သုံးသပ်ချက်များ လည်း ရှိသည်။ သူရဦးရွှေမန်းက သမ္မတလုပ်ချင်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုထားသည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးအနိုင်ရနိုင်ခြေက များစွာရှိလှသည်မဟုတ်ပေ။ စစ်တပ်မှ မထောက်ခံလျှင် သူရဦးရွှေမန်း သမ္မတဖြစ်လာနိုင်ခြေမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်ဆံရေးကို အခြေခံကာ NLD မှ သူရဦးရွှေမန်းကို သမ္မတလောင်းအဖြစ် ထောက်ခံလာနိုင်သည်ဟူသော သုံးသပ်ချက်များကလည်း အခြေအမြစ် နည်းလွန်းသည်။ စစ်တပ်က သဘောကျသည်ဟုဆိုသည့် ဦးသိန်စိန်သည်သာ သမ္မတပြန်ဖြစ်လာနိုင်ခြေ များနေသည်ဟု ဆိုရမည့် အနေအထားတွင် ရှိနေသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်သည်ဖြစ်စေ၊ မပြိုင်သည် ဖြစ်စေ သမ္မတဆက်ဖြစ်နိုင်သည့် အခွင့် အရေးရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၀ ပါ ပြဋ္ဌာန်းချက်များအရ အမျိုးသားလွှတ် တော်ကိုယ် စားလှယ် အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နှင့် စစ်သား လွှတ်တော်ကိုယ်စားလှယ်များရွေးချယ်သည့် ဒုတိယ သမ္မတလောင်းမှာ ဦးသိန်းစိန်ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနည်းဆုံး လွှတ်တော်ကိုယ် စားလှယ် ၁၅၀ ဦးနှင့် အထက် အနိုင်ရရှိရန် လိုပေလိမ့်မည်။ သို့မှသာလျှင် ပုဒ်မ ၆၀ (င) အရ ပြည်ထောင်စုလွှတ်တော်တွင် ဒုသမ္မတလောင်း သုံးဦးမှ သမ္မတတဦးရွေးချယ်ရာတွင် ထိုအနိုင်ရကိုယ်စားလှယ် များနှင့် စစ်သားလွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း ကာ ရွေးချယ်တင် မြှောက်နိုင်မည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတဖြစ်မည့်သူမှာ လွှတ်တော် ကိုယ်စား လှယ်ထဲက ဖြစ်ရမည်ဟု ပြဋ္ဌာန်းမထားပေ။

မင်းထင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List