Wednesday, July 15, 2015

"အနီရောင်"ကို ဖန်တီးတင်ဆက်လိုက်တဲ့ နီနီခင်ဇော်






တေးသံရှင် နီနီခင်ဇော်ရဲ့ ဒုတိယမြောက် တကိုယ်တော်စီးရီးခွေဖြစ်တဲ့ “အနီရောင်” အမည်ရှိ တေးစီးရီးခွေ ကို ဇူလိုင် ၁၉ ရက်နေ့မှာ ဖြန့်ချိပေးတော့ မှာပါ။

အနုပညာသက်တမ်း ခြောက်နှစ်ကာလအတွင်းမှာ နီနီခင်ဇော်က ပထမစီးရီး ခွေ “မာရီယို” ထွက်ရှိထားပြီး ပရိသတ်အခိုင်အမာ ရရှိထားသူတဦးလည်း ဖြစ်ပါတယ်။ အခု နီနီခင်ဇော် ထွက်ရှိမယ့် “အနီရောင်”တေး စီးရီးမှာကိုယ်ပိုင် သံစဉ် တေးသီချင်း စုစုပေါင်း ၁၂ ပုဒ် ပါဝင်မှာဖြစ်ပြီး Featuring အနေနဲ့ ဝေလနဲ့ Lil’Z တို့ ပါဝင် သီဆိုပေးထားကြပါတယ်။

တေးရေးတွေကတော့  ရွှေဂျော်ဂျော်၊ ဆောင်ဦးလှိုင်၊ ဇ၀ါ၊ဝေလ၊ ဆလိုင်း၊ ကိုထက်၊ Lil’Z နဲ့ သော်မိုးစက် တို့က ရေးသားပေးထားကြပါတယ်။ ဒီအခွေ ထဲမှာ မတ်လအတွင်းက ထွက်ရှိထားတဲ့ Single Song “ဂယ်ဘဲ ဂယ်ဘဲ”ဆိုတဲ့ တေးသီချင်းကို Vresion အသစ်နဲ့ ပြန်လည်ထည့်သွင်းထားပြီးး  အနီရောင် Audio CD ၀ယ်ယူသူတိုင်းကို လက်ဆောင်အနေနဲ့ “မလိုချင်ဘူး…စစ်” ဆိုတဲ့ Bonus DVD ကိုပါ လက်ဆောင် ပေးသွားမှာပါ။

တေးစီးရီးကို “အနီရောင်”ဆိုပြီး နာမည်ပေးဖြစ်ပုံနဲ့ပတ်သက်လို့ နီနီခင်ဇော် က “နီနီခင်ဇော်ဖြစ်တဲ့အတွက် အနီရောင်ဆိုပြီး ပေးဖြစ်ပါတယ်။ ဒါကလည်း သိပ်ပြီးတော့ မထူးခြားဘူးလို့နီနီထင်ပါတယ်။ ဒါပေမယ့် အရိုးရှင်းဆုံးက အထူးခြားလို့လည်း ထင်ကောင်းထင်ပါလိမ့်မယ်။ ဒီသီချင်းကို တေးရေးဆရာ ရွှေဂျော်ဂျော် ရေးပေးထားတာပါ။ ဆရာက Super Red ဆိုပြီးနာမည်ပေးပြီး ရေးပေးထားပေမယ့် နီနီက အနီရောင်ဆို   ပြီး ခေါ်ရလည်းလွယ်အောင် ပြန်ပြောင်းပြီး ပေးဖြစ်တာပါ” လို့ ပြောပြပါတယ်။ ဒါ့အပြင်  ဒီအခွေမှာ ပထမ အခွေဖြစ်တဲ့ “မာရီယို”ထဲက ပရိသတ် မကြိုက်လောက်မယ့် အရာများကို မပါအောင် အကောင်းဆုံးများသာ ဖန်တီးထားတယ်လို့လည်း သိရပါတယ်။

Bonus DVD အဖြစ်ထည့်သွင်းပေးထားတဲ့ “မလိုချင်ဘူး…စစ်” ဆိုတဲ့  တေးသီချင်းဟာ  လတ်တလော အွန်လိုင်းဖေ့ဘုတ်စာမျက်နှာတွေမှာလည်း လူသိများ အောင်မြင်နေတာပါ။ စစ်ရဲ့ အနိဋ္ဌာရုံ မြင်ကွင်း တွေကို   ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတဲ့ ပုံရိပ်တွေနဲ့ ဒီတေးသီချင်းအကြောင်းကို နီနီခင်ဇော်က “မလိုချင်ဘူး …စစ် သီချင်းလေးကို နီနီရင်နဲ့ ခံစားပြီးတော့ သီဆိုပါတယ်။ ဆိုတဲ့အခါမှာလည်း မျက်ရည်ကျ ပါတယ်။ ရိုက်ကူးရေးတုန်း ကလည်း မျက်ရည်ကျပြီး ရိုက်ခဲ့ရပါတယ်။ ဒီသီချင်းလေးက ၂၀၁၅ ခုနှစ်မှာ ပရိသတ်ကို နီနီပေးချင်တဲ့ Message လေးတခုပါ။ နောက်ပြီး နီနီဘ၀မှာ ထူးခြားတဲ့ သီချင်းလေး တပုဒ် လည်းဖြစ်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

“မလိုချင်ဘူး … စစ်” သီချင်းကို  တေးရေး ကိုထက်နဲ့ဝေလတို့က ရေးစပ်ပေး ထားတာဖြစ်ပြီး ဒါရိုက်တာ မောင်မောင်သာမြင့် ရိုက်ကူးပေးထားတာ လည်းဖြစ်ပါတယ်။ အွန်လိုင်းမှာတော့ ဇူလိုင်လဆန်းပိုင်းတုန်းက Ni Ni Khin Zaw Legacy ကနေ You Tube မှာလွင့်တင်ထားပြီးဖြစ်ကာ ပရိသတ်များ နှစ်သက်သဘော ကျနေတဲ့ သီချင်းလေးတပုဒ်လည်း  ဖြစ်ခဲ့ပါတယ်။

“အနီရောင်” တေးစီးရီးအခွေရောင်းချပေးမယ့် ဇူလိုင် ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန် ရန်ကုန်မြို့ Junction Square Indoor Area မှာ နီနီခင်ဇော်က လက်မှတ်ရေးထိုးရောင်းချပေးသွားမှာဖြစ်ပြီး လာ ရောက် အားပေးကြမယ့် ပရိသတ်များကို သီချင်းအပုဒ် ၁၀ပုဒ် ကနေ ၁၂ ပုဒ် အထိ ဖျော်ဖြေတင်ဆက် သွားမယ်လို့ သိရပါတယ်။

ယုမွန်ကျော်
ဧရာဝတီblog 

No comments:

Post a Comment

My Blog List