ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်မည်ဆို သည့် လုပ်ငန်းစဉ်များသာ ချမှတ်ထားသည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စုပေါင်းဖွဲ့စည်း ထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က စက်တင်ဘာ ၂ဝ ရက်တွင် ပြောကြားသည်။
UNFC ၏ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်လာနိုင်ဟု စက်တင်ဘာ ၁၉ ရက်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိများနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည့်အပေါ် UNFC ၏ အထွေထွေအတွင်းရေးမှူးက ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
ခူဦးရယ်က “ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားစေရလောက်အောင် UNFC က ဘာတွေလုပ်နေတယ်လို့ ထောက်ပြပါသလဲ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မှတ်ချက်ကတော့ ဘယ်သဘောထားအပေါ် အခြေခံပြီး ပြောသလဲဆိုတော့ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါကတော့ သူ့ရဲ့မှတ်ချက်လို့ပဲ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့ UNFC ကတော့ နဂိုမူလကတည်းက ရပ်တည်ချက်အတိုင်းပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်ပြီး တော့ အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ဖို့တော့ ရှိပါတယ်။ ကျွန်တော်တို့ဘက်က နောက်ဆုတ်ဖို့တော့ မရှိပါ ဘူး။ အတတ်နိုင်ဆုံး အစိုးရနဲ့ တပ်မတော်နဲ့ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ဆိုတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ထားတာပဲ ရှိပါတယ်။ ဒါကတော့ ဘယ်အကြောင်းကြောင်းကြောင့် မူပြောင်းလဲတာမျိုးတွေလည်း မရှိပါဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောထားတော့ ရှိပါတယ်” ဟု ပြောကြားသည်။
ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရန် ညှိနှိုင်းဆောင်ရွက်သည့် အခြေခံအောက်မှ သွားမည်ဖြစ်ကာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်အတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအမြန်ဆုံးစတင်နိုင်ရေးအစိုးရ၊ တပ်မတော် တို့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။
“ကျွန်တော်တို့ NCCT မှာ အားလုံးနီးနီးက UNFC အဖွဲ့ဝင်တွေချည်းပဲ။ NCCT မှာလည်း အစိုးရနဲ့ တပ်မတော်တို့နဲ့ ပြေလည်အောင် ညှိနှိုင်းလုပ်ဆောင်နေတဲ့ အပေါ်မှာလည်း တစ်သဘောတည်း ရှိပါတယ်။ ဒီအတိုင်းပဲ ရပ်တည်ပါတယ်။ NCCT လုပ်ဆောင်ချက်နဲ့ ကျွန်တော်တို့ UNFC လုပ်ဆောင်ချက်က ကွဲပြား တာမရှိပါဘူး။ အဲဒါကြောင့်မို့ ကျွန်တော် UNFC ရဲ့ ရပ်တည်ချက်က NCCT သွားနေတဲ့ လမ်းကြောင်း အတိုင်းပါပဲ” ဟု NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက် ရန် ဆွေးနွေးညှိနှိုင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း ထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သည့် KIO, NMSP, SSPP, PNLO, CNF, KNPP, LDU, ANC, TNLA, WNO, MNDAA တို့မှ ကိုယ်စားလှယ်များနှင့် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည့် KNU အဖွဲ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည်။
ထို့ပြင် အခြားကျန်သည့် NCCT အဖွဲ့ဝင်များဖြစ်သော ရက္ခိုင့်တပ်မတော်(AA)၊ ဒီမိုကရေစီအကျိုးပြု ကရင် အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ စသည့်အဖွဲ့များမှာလည်း UNFC ၏ ဆက်စပ်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် အဖွဲ့များဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပခဲ့သည့် UNFC ၏ ပထမ အကြိမ် ညီလာခံမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည် ဟူသည့်အချက် ပါဝင်သည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ညှိနှိုင်းမှု ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment