Friday, September 26, 2014

ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါဘေးမဲ့ရပ်ဝန်းတစ်ခု တည်ထောင်ရန် အိုဘားမား စီစဉ်


အမေရိကန် သမ္မတ ဘာရတ် အိုဘားမားသည် ကမ္ဘာ့ အကြီးမားဆုံး အဏ္ဏဝါ ဘေးမဲ့ရပ်ဝန်း တစ်ခုကို ထူထောင် သတ်မှတ်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။ သမ္မတ အနေဖြင့် ရာသီဥတုနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် ရေနေသက်ရှိ အမြောက်အမြား သေကြေ ပျက်စီးနေမှုကို ကာကွယ်ရန်အတွက် ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် ဘေးမဲ့ဇုန်ကြီးတစ်ခု ထူထောင်ရန် စီစဉ်နေခြင်းဟု အိမ်ဖြူတော်က ကြေညာသည်။
အိုဘားမားသည် စက်တင်ဘာ (၂၅)ရက်တွင် ပစိဖိတ်သမုဒ္ဒရာ တောင်ဘက်အလယ်ပိုင်း ဒေသတွင် ဘေးမဲ့ဇုန်နေရာတစ်ခု သတ်မှတ်မည့် စီမံကိန်းကို ခွင့်ပြုလက်မှတ် ရေးထိုးမည် ဖြစ်သည်။ အဆိုပါ ဇုန်နေရာတွင် ငါးဖမ်းခြင်းနှင့် အခြားသော လုပ်ငန်းများ ဆောင်ရွက်ချက်တို့ကို အကန့်အသတ် ကြီးကြီးမားမား ထားရှိသွားမည်ဟု ဆိုသည်။

“သိပ္ပံပညာရှင်တွေက ကြီးမားတဲ့ ဘေးမဲ့ဇုန်တစ်ခု သတ်မှတ်ထားခြင်းဟာ ဇီဝသက်ရှိတွေ ပြန်လည် တိုးပွားလာမှုကို အထောက်အကူ ပြုနိုင်သလို တခြားဒေသတွေမှာပါ ငါးကောင်ရေ တိုးပွားလာနိုင်တယ်လို့ ထောက်ခံကြတယ်။ ပြီးတော့ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ် တစ်ခုလုံးကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေမယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ ပစိဖိတ် သမုဒ္ဒရာထဲက ဝေးလံသီခေါင်တဲ့ ကျွန်းတွေနဲ့ ပတ်ဝန်းကျင် ဒေသတွေကို ဘေးမဲ့ဇုန်အဖြစ် သတ်မှတ်ကာကွယ်သွားဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အိမ်ဖြူတော် ကြေညာချက်တွင် ပါရှိသည်။

ယင်းဧရိယာသည် စတုရန်းမိုင် (၄၉၀၀၀၀)မျှ ကျယ်ဝန်းမည်ဖြစ်ပြီး မူလ သတ်မှတ်ထားသည့် ပမာဏထက် (၆)ဆထိ ပိုမိုကြီးမားလာမည် ဖြစ်သည်။ ထိုပမာဏသည် ကမ္ဘာပေါ်တွင် အကြီးဆုံး အဏ္ဏဝါ ဘေးမဲ့ဇုန် တစ်ခုအဖြစ် သတ်မှတ်နိုင်လောက်သော အကျယ်အဝန်း ဖြစ်သည်။ အဆိုပါ ဇုန်နေရာ သတ်မှတ်မှုတွင် အိုဘားမားသည် အမေရိကန် သမ္မတ တစ်ဦး၏ အထူးလုပ်ပိုင်ခွင့် အချို့ကိုပါ အသုံးပြုခဲ့ကြောင်း သိရသည်။ အဆိုပါ ဇုန်နေရာ သတ်မှတ်မှုက ပင်လယ်လိပ်များ၊ ပင်လယ်နေ နို့တိုက်သတ္တဝါများနှင့် ငါးလိပ်ကျောက်များ၏ အရေအတွက် ပြန်လည် တိုးပွားလာအောင် အထောက်အပံ့ ဖြစ်စေမည်ဟု အိမ်ဖြူတော်က ကြေညာသွားသည်။

7 day

No comments:

Post a Comment

My Blog List