ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းမှာ ပြီးခဲ့တဲ့တပတ်က ဗြိတိန်စုံတွဲ ၂ ဦး သတ်ဖြတ်ခံရမှု ဆက်နွှယ်တဲ့ ထိုင်းဒေသခံ ၂ ဦးကို ရဲတွေက ခေါ်ယူမေးမြန်းခဲ့တယ်လို့အမှတ် ၈ ဒေသ ရဲကော်မရှင်နာမင်းကြီး Panya Mamen က မနေ့က ပြောဆို ပါတယ်။ ဗြိတိန်စုံတွဲ အသတ်မခံရခင် လုံခြုံရေးကင်မရာမှာ ဖမ်းမိထားသူဟာ အသက် ၄၅ နှစ်အရွယ် အေစီအရက်ဘား မန်နေဂျာ Montriwat Toovichien ဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။
စုံတွဲ ၂ ဦး အသတ်ခံရပြီး ပထမဆုံးသွားကြည့် သူတွေထဲမှာ Montriwat လည်း ပါဝင်ခဲ့ပြီး ရဲတွေနဲ့ သူစကားပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အေစီအရက်ဘားမှာ စားပွဲထိုးလုပ်နေတဲ့ စကော့တလန်နိုင်ငံသား Sean McAnna က ဘားမန်နေဂျာ Montriwat ဟာ သူ့ကို ထပ်မံသတ်ဖြတ်ဖို့ ကြိုးစားသူ ၂ ယောက်ထဲက တယောက်လို့ ရဲတွေကို တိုင်ကြားထားပါတယ်။
Montriwat ရဲ့ အစ်ကိုဖြစ်သူ Voraphan ဟာ ကော့တောင်ကျေးရွာရဲ့ သူကြီးဖြစ်ပြီး အေစီအရက်ဘားရဲ့ ပိုင်ရှင်လည်းဖြစ် ပါတယ်။
သူတို့ညီအစ်ကို ၂ ဦးလုံးကို ရဲက မနေ့က စစ်ဆေးမေးမြန်းခဲ့ပြီး သူတို့ရဲ့ ဒီအန်အေ ကိုလည်း ယူထားလိုက်ပါတယ်။
ဗြိတိန်စုံတွဲသတ်ဖြတ်ခံရမှုနဲ့ ရဲတွေက အေစီအရက်ဘားကို အဓိကသံသယဖြစ်နေပြီး အရက်ဘားမှာ အလုပ်လုပ်သူတွေ အားလုံးရဲ့ ဒီအန်အေကိုလည်း ရဲတွေက ယူထားလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် စကော့တလန်စားပွဲထိုး Sean McAnna က သူ့ကိုသတ်ဖြတ်ဖို့ ကြိုးစားသူ ထိုင်း ၂ ဦးကို သူရဲ့ Facebook ပေါ်မှာ ဓာတ်ပုံနဲ့တကွ တင်လိုက်ပြီးနောက်ပိုင်း ရဲတွေက ဓာတ်ပုံထဲက ထိုင်းဒေသခံနှစ်ဦးကို လိုက်လံစစ်ဆေးတော့တာဖြစ်ပါတယ်။
Sean McAnna က ထိုင်းရဲနဲ့ ဗြိတိန်သံရုံးကို ဖုန်းဆက်တိုင်ကြားခဲ့ပြီး သူလည်း ဗြိတိန်သံရုံး နဲ့ ဗြိတိန်သတင်းဌာနတွေရဲ့ လုံခြုံရေးအစီအစဉ်နဲ့ ကျွန်းက ထွက်ခွာခဲ့ရပါတယ်။
လူသတ်တရားခံတွေက သူ့ကို ထပ်မံသတ်ဖြတ်ဖို့ ကြိုးစားနေကြပြီး ဗြိတိန်အတွဲကို နိုင်ငံခြားသားတဦးဦးက သတ်ဖြတ် သယောင်လုပ်ဖို့ စီစဉ်နေတယ်လို့ တိုင်ကြားခဲ့ပါတယ်။
ဗြိတိန်စုံတွဲကို ထိုင်းတွေက သတ်ဖြတ်တယ်ဆိုတဲ့ အဖြစ်ကို မရောက်အောင် နောက်ထပ် နိုင်ငံခြားသားတဦးကို သတ်ဖြတ် ပြီး နောက်ဆုံး အဲ့ဒီနိုင်ငံခြားသားက သူ့ကိုယ်သူ သတ်သေတဲ့ပုံစံဖြစ်အောင် စီစဉ်နေကြတာလို့ Sean McAnna က စက်တင်ဘာ ၂၂ ရက်နေ့မှာ ဗြိတိန်တယ်လီဂရက်သတင်းစာကို ပြောဆိုခဲ့ ပါတယ်။
DVB
No comments:
Post a Comment