Tuesday, September 23, 2014

UNFC နှင့်ပတ်သက်၍ အောက်တိုဘာတွင်ပြုလုပ်မည့် KNU ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်


ကရင်အမျိုးသားအစည်းအရုံး၏ အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် UNFC ကိစ္စ နှင့်ပတ် သက်၍ မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ဘဲ အောက်တိုဘာလတွင် ပြုလုပ်မည့် ဗဟိုကော်မတီ အစည်း အဝေးမှသာ ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဟု ဗဟို ကော်မတီအဖွဲ့ဝင် ပြောရေး ဆိုခွင့်ရှိသူ ပဒို မန်းငြိမ်းမောင်က ပြောသည်။

စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက် အထိ ပြုလုပ်ခဲ့သည့် အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် KNU ဌာနဆိုင်ရာ ၁၄ ခုအပါအဝင် ခရိုင်အသီးသီးမှ ဒေသဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပဒိုမန်းငြိမ်းမောင်က ''အခုဟာက ညီလာခံမဟုတ်ပါဘူး။ ကျွန်တော်တို့ စီအီးစီ အလုပ်အမှုဆောင်ကော် မတီ အစည်းအဝေးပါ။ လိုင်ဇာလက်နက်ကိုင် ထိပ်သီးညီလာခံအကြောင်း၊ နောက်ပြီးတော့ ချင်းမိုင်မှာ လုပ်တဲ့ UNFC ညီလာခံအခြေ အနေ အဲဒါတွေကို ပြန်လည်ပြီးတော့ တင် ပြတာပါ။ အခြား ထူးထူး ထွေထွေမရှိပါဘူး။ ကျန်တဲ့ အမှုဆောင်တွေကို တင်ပြတာပဲ။ ဆုံးဖြတ်ချက်တွေ ချသွားဖို့မရှိပါဘူး။ ညီ လာခံတက်တဲ့ အခြေအနေ အဖြစ်အပျက် တွေကို ပြောပြ၊ တင်ပြတာပဲ ရှိပါတယ်။ ဘာ မှ မဆုံးဖြတ်ပါဘူး။ ဗဟိုကော်မတီအစည်း အဝေးက အောက်တိုဘာလမှာ လုပ်မယ်။ အဲဒီအခါကျမှ ဆုံးဖြတ်တာတွေရှိမှာ ဖြစ် ပါတယ်''ဟု ပြောသည်။ 

UNFC ကိစ္စနှင့်ပတ်သက်၍ ဘားအံခရိုင် လေးဝါးစခန်း၌ အောက်တိုဘာ ၂၃ ရက်တွင်ကျင်းပမည့် ဗဟိုကော်မတီ ၄၉ ဦး စုံညီအစည်းအဝေးမှသာ ဆွေး နွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပဒိုမန်း ငြိမ်းမောင်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏အဖွဲ့ဝင်အဖြစ်မှ ပါဝင်မှု ယာယီရပ်ဆိုင်း ကြောင်း စက်တင်ဘာ ၁ ရက်က အသိပေး စာ ပေးပို့ခဲ့ပြီး ရှေ့ဆက်ပါဝင်ခြင်း၊ မပါဝင် ခြင်းနှင့်ပတ်သက်ပြီး KNU ဗဟိုကော်မ တီအစည်းအဝေးတွင် ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးအပြီး ကရင်အမျိုးသား အ စည်းအရုံးအနေဖြင့် ရန်ကုန်မြို့ရှိ ကရင်လူ ထုနှင့် စက်တင်ဘာ ၂၂ ရက်တွင် တွေ့ဆုံ ပြီး လက်ရှိ KNU ၏လုပ်ငန်းစဉ်နှင့်ပတ် သက်ကာ ရှင်းလင်းပြောဆို သွားရန်ရှိကြောင်း သိရသည်။

အမျိုးသမီး ငြိမ်းချမ်းရေးရှေ့ ဆောင်ကွန်ရက်မှ နော်စူစန်နာလှလှစိုးက ''၂၂ ရက်မှာ KNU အဖွဲ့တွေ ဆင်းလာ မယ်။ ည ၆ နာရီကနေ ၈ နာရီကို မြန်မာ နိုင်ငံခရစ်ယာန်များ ကောင်စီအခန်း ၂ဝ၇ မှာ ကရင်ပြည်သူလူထုနဲ့ တွေ့ပြီးတော့ သူတို့ရဲ့ လုပ်ငန်းတွေကို ရှင်းလင်းပြောဆိုသွားမယ်။ လောလော ဆယ်ဖြစ်ပျက်နေတာကို ရှင်းပြမယ်လို့ သိရပါတယ်''ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံးသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ၁၉၄၇ ခုနှစ်မှ စတင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသော ခြောက်ခု မြောက် အဖွဲ့ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List