Friday, September 26, 2014

ရွှေစည်းခုံစေတီတော်ရှိ ၅၁ နှစ်ကြာ အပူဇော်ခံရခြင်း မရှိသည့် စွယ်တော်ပွား ယနေ့လှည့်လည် အပူဇော်ခံမည်




ပုဂံဒေသရှိ သမိုင်းဝင် ရွှေစည်းခုံ စွယ်တော်ရှင် စေတီတော်ကြီးတွင် တည်ထားပြီး (၅၁)နှစ်ကြာ အပူဇော်ခံရခြင်း မရှိသေး သည့် မြတ်စွယ်တော်၏ ပထမဆုံအကြိမ် မြို့တစ်ပတ် လှည့်လည်ပူဇော်ခြင်းကို စက်တင်ဘာ (၂၆)ရက်နေ့တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း ရွှေစည်းခုံစွယ်တော်ရှင်စေတီတော် ကြီး ဂေါပကအဖွဲ့မှ သိရှိရသည်။
အဆိုပါ လှည့်လည်ပွဲကို ဆင်ရတနာ ၊ မြင်းရတနာ ၊ ဒေ၀ါဝင်း ၊ ရာဇာဝင်းတို့ဖြင့် သင်ဘုဇ်ပလ္လင်ပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံလှည့်လည်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

“၅၁ နှစ်ကြာပြီ အပူဇော်မခံပဲနဲ့ အခုမှ ပြန်ပြီးအပူဇော်ခံမှာဖြစ်တယ်။ စွယ်တော် ပွားကို အပူဇော်ခံလှည့်လည်ရင် ကောင်း မယ်ဆိုပြီးတော့ ဆရာတော်ကြီးများကို လျှောက်ထားတယ်။ နောက်ဘာနဲ့တွဲလိုက်လဲဆိုရင် ဆွမ်းတော် ကြီးတင်ပွဲနဲ့ စွယ်တော်ပွားကို လှည့်လည်ရခြင်းဖြစ်ပါတယ်။ လှည့်လည်ပြီးသွားရင် စွယ်တော်တိုက်ထဲမှာ အပူဇော်ခံ ထားရှိမယ်။”ဟု ရွှေစည်းခုံ စေတီတော် ဂေါပကအဖွဲ့ ဒုတိယ ဥက္ကဌ (၁) ဦးစန်းမောင်ကပြောသည်။

အဆိုပါ စွယ်တော်ပွားကို ကြည်ညိုကိုးကွယ်နိုင်ရန်အတွက် သာသနာပြု ဆရာတော် ဆေးဝင်္ကဘာ ဆရာတော် ကြီးက လွန်ခဲ့သည့် (၅၁)နှစ်က ပင့်ဆောင်လာခဲ့ခြင်းဖြစ်ပြီး (၂)ရက်သာအပူဇော်ခံပြီး အကြောင်း အမျိုးအမျိုး ကြောင့် သိမ်းဆည်း ထားခဲ့ရခြင်းဖြစ်ကြောင်း ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ မှ သိရသည်။

“အခုလို လှည့်လည်ပူဇော်ခံမယ်ဆိုရင် လူသိပို များလားမယ်။ ဘုရားဖူး ဧည့်သည့်တွေများလာပြီး ပိုစည်ကား လာလိမ့်မယ် လို့လည်း ထင်တယ်။”ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လုံခြုံးရေးအနေဖြင့် ခေါင်းဆောင် (၁၄)ဦးရှိပြီး နံနက်(၆း၀၀)နာရီမှ ညနေ (၆း၀၀)နာရီအထိ လုံခြုံရေး (၇)ဦး ၊ ညနေ (၆း၀၀)နာရီမှ နံနက်(၆း၀၀)နာရီအထိ လုံခြုံရေးဝန်ထမ်း (၇)ဦးစီဖြင့် စောင့်ကြပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“အခုလို စွယ်တော်ပွားကို(၅၁)နှစ်လောက်ကြာမှ ပထမဦးဆုံးအကြိမ် အပူဇော်ခံထားရှိမယ်ဆိုတာက အလွန် ကောင်းပါ တယ်။ ပြီးတော့ အမြဲတမ်းကြည်ညို ဖူးမျှော်ခွင့်ရမယ်ဆိုတဲ့အတွက်လည်း ကောင်းတဲ့ ကိစ္စရပ်ပါ။” ဟု ပုံဂံမြို့မှ ဒေသခံ ကိုမင်းနိုင်အောင်က ပြောသည်။ 

အဆိုပါ စွယ်တော်ပွားကို အများပြည်သူ ဖူးမျှော်စေနိုင်ရန် ရည်ရွယ်၍ ရွှေစည်းခုံစေတီတော်၏ ပုရ၀ဏ်အတွင်း အပူဇော် ခံထားရှိရန် ဆရာတော်ကြီးများ၏ သြ၀ါဒနှင့်အညီ ဂေါပကအဖွဲ့မှ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List