Wednesday, September 24, 2014

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟက်ကြီးဆည်အနီး တပ်မတော် တပ်ရင်းများ တိုးချဲ့နေမှုကြောင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်မှုများရှိနေ


သံလွင်မြစ် ဟက်ကြီးဆည်အနီး တပ်မတော်တပ်ရင်းများ တိုးချဲ့မှုများရှိနေပြီး ဒေသခံတိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခဖြစ်ပွားမည်ကို စိုးရိမ်မှုများရှိနေကြောင်း သံလွင်မြစ်ကြောင်းတစ်လျှောက် စောင့်ကြည့်လေ့လာမှု များ ပြုလုပ်နေသော အရပ်ဘက်အဖွဲ့အစည်းများက ပြောကြားသည်။

ဟက်ကြီးဆည် ပတ်ဝန်းကျင်အနီးတွင် ဒေသခံတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများဖြစ်သည့် BGF၊ DKBA၊ KNU တပ်မ (၇)တို့ရှိနေပြီး တပ်မတော်တပ်ရင်းများ တိုးချဲ့မှုကြောင့် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ရေကာတာဆောက်မယ်ဆိုရင် လုံခြုံရေးအတွက် တပ်တွေကိုတိုးချဲ့တည်ဆောက်ကြတယ်။ လတ်တလော မှာ တောင်မှာတိုးချဲ့တာ တပ်ရင်းရှစ်ခုလောက် ရှိတယ်။ လတ်တလောက အပစ်အခတ်ရပ်စဲရေး အနေအထားပဲ ရှိသေးတယ်။ မခိုင်မာသေးတဲ့ အနေအထားမှာ တိုက်ပွဲပြန်ဖြစ်မယ်ဆိုရင် လုပ်နေတဲ့ အရာတွေလည်း ပျက်မယ်။ ဒီဟက်ကြီး မူတည်ပြီး တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်။ ဒါက စိုးရိမ်စရာဖြစ်တယ်” ဟု ကရင်မြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့မှ ဦးစောသာဘိုးက ပြောကြားသည်။

ထို့ပြင် ဟက်ကြီးဆည်အောက်ပိုင်းရှိ ဝဲကြီးဆည်တည်ဆောက်မည့် နေရာတွင်လည်း နယ်ခြားစောင့်တပ် (BGF) မှလည်း တပ်ရင်းများတိုးချဲ့မှုများ ရှိနေကြောင်း၊ ဟက်ကြီးဆည် အထက်ပိုင်းတွင်လည်း စစ်ဘေးရှောင်ဒုက္ခသည် ၃ဝဝဝ ဝန်းကျင်ခန့်နေထိုင်ပြီး၊ တိုက်ပွဲများဖြစ်ပွားမည်ကိုလည်း ၎င်းတို့အနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း ဦးစောသာဘိုးက ဆက်လက်ပြောကြားသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ ဟက်ကြီးရေအားလျှပ်စစ် စီမံကိန်းမှာ သံလွင်မြစ်နှင့် သောင်းရင်းမြစ် မြစ်ဆုံအောက်ဘက် ၂၉ မိုင်အကွာတွင် တည်ရှိပြီး IGE ကုမ္ပဏီ၊ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့၊ EGAT နှင့် တရုတ်ကုမ္ပဏီ (Sinohydro Corporation) ကုမ္ပဏီတို့မှ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး ၁၃၆ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

စိမ်းလန်းအမိမြေမှ ဦးဝင်းမျိုးသူက စီမံကိန်းနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားနိုင်မှုများကိုလည်း “ဒေသခံတွေ အတွက်ကို တရားမျှတမှု မရှိဘူး။ ပတ်ဝန်းကျင်ပျက်မယ်၊ နေထိုင်ခွင့်တွေ ပျက်မယ်ဆိုရင်တော့လည်း ဒေသခံလက်နက်ကိုင်တွေနဲ့ အဆင်ပြေဖို့ ခဲယဉ်းမယ်လို့ ကောက်ချက်ချနိုင်တယ်။ သူတို့ ဘယ်လိုညှိနှိုင်း မယ်ဆိုတာတော့ မသိသေးဘူး။ ပြေလည်အောင် ညှိနှိုင်းဖို့တော့ လိုတယ်။ လွှတ်တော်ထဲမှာမေးတဲ့ မေးခွန်းတွေကိုတောင် မဖြေတဲ့မေးခွန်းတွေ ရှိတယ်။ ဒါကြောင့်မို့လို ပြည်သူတွေမေးတဲ့ မေးခွန်းတွေကို ဖြေပါ့မလား။ ပြည်သူတွေကို ချပြတဲ့နေရာမှာလည်း ကျော်ကျော်သွားတာတွေလည်း မြင်ရတယ်။ ပြည်သူတွေမေးတာကို မဖြေပဲ ကျော်သွားရင် လူထုမကျေနပ်မှုက ပိုများမယ်။ တရားမျှတမှု မရှိဘူးလို့ ထင်တာတွေရှိရင် စီမံကိန်းအတွက် မကောင်းဘူး” ဟု ပြောကြားသည်။

“ကချင်မှာ တာပိန်တမံတုန်းက အဲဒီလိုလုပ်တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်တာတွေဖြစ် ပြီးတော့ ကချင်စစ်ပွဲ ပြန်ဖြစ်တယ်။ စစ်တပ်က နေရာစိုးမိုးရေးအတွက် ပိုမိုလှုပ်ရှားတော့ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ မပြေမလည် ဖြစ်ကြပြီးတော့ စစ်ပွဲတွေပြန်ဖြစ်ကြတယ်။ အဲဒါက တာပိန်တမံကပဲစတာ၊ အခုလည်း အဲလိုမျိုးတွေ ဆက်လုပ်နေရင် ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပိုပြီးတော့ တင်းမာမှုတွေ ဖြစ်မယ်ထင်တယ်” ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

DKBA မှ ကလို့ထူးဘောအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောမောင်ကြာက “ဒီရေကာတာ စီမံကိန်းကို လုံးဝခွင့်မပြုပါဘူး။ ရေကာတာစီမံကိန်းကို အကြောင်းပြုပြီး တပ်တွေတိုးချဲ့လာရင် ပြဿနာက ပိုကြီးလာနိုင် တယ်။ ကုမ္ပဏီအဖွဲ့ကတော့ ခဏခဏလာညှိတယ်။ ထိုင်းပါတယ်၊ တရုတ်ပါတယ်။ ကျွန်တော်တို့ဘက် ကတော့ လက်ရှိအခြေအနေမှာ ခွင့်မပြုနိုင်ဘူး။ ရေကာတာကို အတင်းဆောက်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ် မှာ သေချာတယ်” ဟု မတ် ၉ ရက်က Daily Eleven သတင်းစာတွင်ပါဝင်သည့် ဟက်ကြီးရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ ကန့်ကွက်သည့် သတင်းတွင် ပြောကြားသည်။

သံလွင်မြစ်တွင်တည်ဆောက်မည့် ဆည်စီမံကိန်းများသည် ပြည်တွင်းမှရရှိမည့် အကျိုးအမြတ်များ အလွန် နည်းပါးပြီး ဆိုးကျိုးများအား ၁ဝဝ ရာခိုင်နှုန်း အပြည့်ခံစားရမည်ဖြစ်သဖြင့် စီမံကိန်းအား ကန့်ကွက်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးညိုမောင်က ပြောကြားသည်။

သံလွင်မြစ်အပါအဝင် မြန်မာနိုင်ငံရှိမြစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖက်စပ်ဆောင်ရွက်ရန် စီစဉ်ထားသော ရေအားလျှပ်စစ်စီမံကိန်း ၃၂ ခုအထိရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ဖော်ပြ ထားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများနှင့် စပ်လျဉ်းသည့် ရှင်းလင်းချက်များအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (ဖက်စပ်ပိုင်) JV/BOT စီမံကိန်းများတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံသူများမှာ တရုတ်ကုမ္ပဏီများ အများဆုံးဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ပေါ်တွင် မှီတင်းနေထိုင်နေကြသည် လူဦးရေ ၁ဝ သန်းခန့်ရှိပြီး တရုတ်လူမျိုးစုများ ဖြစ်ကြသည့် လီစူး၊ ညူနှင့် အခြားလူမျိုးစုငယ်လေးများ မြန်မာနိုင်ငံမှ လူမျိုးစုများဖြစ်သည့် လီဆူး၊ ဝ ၊ ရှမ်း၊ ခါ၊ ကယား၊ ပဒေါင်၊ ပအို့ဝ်၊ ယင်းတလဲ၊ ကရင်၊ ဗမာတို့ ပါဝင်ကြကြောင်း သိရသည်။ စီမံကိန်း စတင်အကောင် အထည်ဖော်မည် ဆိုပါက ပြောင်းရွေ့နေထိုင်ရမှုများကြောင့် လူဦးရေ ၁ဝဝဝ သာကျန်ရှိသော ယင်းတလဲ လူမျိုးစုများမှာ ပျောက်ကွယ်နိုင်သည့် အန္တရာယ်များ ကြုံတွေ့နိုင်ကြောင်းလည်း သိရသည်။

သံလွင်မြစ်ဝှမ်းသည် ဇီဝမျိုးစုံကြွယ်ဝသည့် နေရာဖြစ်သည့်အပြင် တွားသွားသတ္တဝါ ၉၂ မျိုးနှင့် ငါးမျိုးစိတ် ၁၄၃ မျိုး မှီတင်းနေထိုင်ရာ ဒေသဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှားပါးသည့်ငါးမျိုးစိတ် ၄၇ မျိုးသည် သံလွင်မြစ်တွင်သာ တည်ရှိကြောင်း ထို့ပြင် သံလွင်မြစ်ဝှမ်းဒေသအတွင်း ကြောင်များ၊ ဖျံများ၊ မိကျောင်းများ၊ လိပ်မျိုးစုံ၊ ရွှေရောင်မျက်လုံးရှိသော မျောက်မျိုးစိတ်များ၊ ပန်ဒါဝက်ဝံများ၊ နွားရိုင်းများနှင့် လားရိုင်းများလည်း မှီတင်းနေထိုင်ကြကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်စာရင်များအရ သိရ သည်။

Eleven Media Group

No comments:

Post a Comment

My Blog List