Saturday, September 27, 2014

ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်


ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ)ရှိ ကလေးအများ အတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်ခဲ့သည်။

အီတလီနိုင်ငံမှ အလွတ်တန်းသတင်းထောက်နှင့် ခရီးသွား အကြံပေးဖြစ်သူ Ms. Pamela Mccourt သည် ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာမှ ကလေးငယ်များ အတွက် အလှူငွေရရှိရန် လှုံ့ဆော်သည့်အနေဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရေခဲရေလောင်း စိန်ခေါ်မှုကို ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာတွင် ပြုလုပ်စဉ်။ 

ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ် ခဲ့ ခြင်းဖြစ်သည်။

“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့ အတူတူပါပဲလို့ ပြောစကားရှိ ပါတယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။

အလှူငွေထည့်ဝင်ရန် သူမစိန်ခေါ်ခဲ့သူများမှာ မြန်မာနိုင်ငံမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ ဟိုတ ယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၏သားဖြစ်သူ ဦးတိုးနိုင်မန်း၊ မြန်မာ့ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်နှင့် Star model Int’l မှ ဂျွန်လွင်တို့ဖြစ်သည်။

‘‘Ice Bucket Challenge’’ ခေါ် ကိုယ့်ကိုကိုယ် ရေခဲရေလောင်းပြီး စိန်ခေါ်မှုမှာ ကမ္ဘာ့နိုင်ငံများတွင် ခေတ် စားနေပြီး ALS အာရုံကြောရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေလှုပ်ရှားမှုက အစပြုခဲခြင်းဖြစ်သည်။ ထိုစိန်ခေါ်မှု ၏ သဘောမှာ စိန်ခေါ်ခံရသူအနေဖြင့် ရေခဲရေမလောင်းနိုင်ပါက အလှူငွေထည့်ရမည်ဖြစ်ပြီး ရေခဲရေ လောင်းပြီး တစ်ခြားသူများကို ထပ်မံစိန်ခေါ်ခွင့်ရှိသည်။

အဆိုပါလှုပ်ရှားမှုကို ကမ္ဘာကျော်များဖြစ်သည့် ချယ်လ်ဆီးနည်းပြမော်ရင်ဟို၊ ဘောလုံး အားကစားသမား နေမာ၊ မက်ဆီ၊ ဂျွန်တယ်ရီ၊ ဒေးဗစ်ဘက်ခမ်းတို့ အပါအဝင် အားကစားလောက၊ အနုပညာလောက ကျော်ကြားသူတို့ လက်ခံဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံရေးလောက ကျော်ကြားသူ များဖြစ်သည့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ကမ္ဘာ့အချမ်းသာဆုံး သူဌေးစာရင်းဝင် ဘီလ်ဂိတ်၊ လူမှုကွန်ရက် Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်တို့လည်း ပါဝင်ဆင်နွှဲထားကြသည်။

စိန်ခေါ်ခဲ့သည့် အီတလီအမျိုးသမီးမှာ ထိုလှုပ်ရှားမှုအပြင် ယခုနှစ် ဒီဇင်ဘာလအတွင်း  အီတလီနိုင်ငံမှ တေးဂီတပညာရှင်များ ဖိတ်ခေါ်၍ ချက်ထရီယန် ဟိုတယ်တွင် ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ကာ ပါရမီ မိဘမဲ့ ဂေဟာအတွက် ရန်ပုံငွေ ရှာဖွေသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ ပါရမီဂေဟာတွင် မိဘနှစ်ပါးလုံးမရှိသူနှင့် မိခင်မရှိသူများကို ဦးစားပေးလက်ခံထားရှိပြီး  အသက် ၄ နှစ်မှ ၂၂ နှစ်အထိ ကလေးငယ် ၂၂ ယောက်ကိုစောင့်ရှောက်ပေးနေပြီး အရွယ်ရောက် အမျိုးသမီးများ အတွက် လုံခြုံသည့် အဆောက်အဦး ဆောက်လုပ်ရန် လိုအပ်နေသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List