Saturday, September 27, 2014

ဘုရင်မ၊ နန်းတင်သူနှင့် နိုင်ငံရေးကျားကွက်



အခြေခံဥပဒေပါ သမ္မတ အရည်အချင်းအတွက် ကန့်သတ်ချက် အချို့ကို အချိန်မီ မပြင်နိုင်လျှင် NLD က သမ္မတလောင်း အဖြစ် ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး၊ အထူးသဖြင့် ဦးရွှေမန်းကို တင်ကောင်းတင်မည်ဟု NLD ထိပ်ပိုင်းခေါင်းဆောင် အချို့ကို ကိုးကားပြီး Reuters သတင်းဌာနက စက်တင်ဘာ ၂၃ တွင် ရေးသားဖော်ပြလိုက်သည်။ Reuters သည် အခြား သတင်းဌာနများသို့ သတင်းဖြန့်ဝေသည့် သတင်းဌာန ဖြစ်သောကြောင့် တစ်ကမ္ဘာလုံးသို့ ထိုသတင်းသည် တောမီးသဖွယ် ပျံ့နှံ့သွားသည်။ 
ဦးရွှေမန်း အမည်ကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း NLD က ၂၄ ရက်နေ့တွင် ထိုသတင်းအတွက် ပြင်ဆင်ချက် အချို့ကို ထုတ်ပြန်သည်။ Reuters ကလည်း ၂၄ ရက်နေ့ ရက်စွဲဖြင့် သတင်းကို ပြန်လည် ပြင်ဆင် ရေးသားထားသော် လည်း အနှစ်ချုပ်အားဖြင့် ၂၃ ရက်နေ့ သတင်းနှင့် အတူတူသာ။ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး အထူးသဖြင့် ဦးရွှေမန်းကို တင်ကောင်းတင်မည် ဆိုသည့်သဘောက မပြောင်း။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် NLD ထိပ်တန်း ခေါင်းဆောင်ပိုင်းကို ကိုးကားပြီး နိုင်ငံတကာ သတင်းဌာနကြီး တစ်ခုက ဖော်ပြသည့် သတင်းဖြစ်သည့်အတွက် ယခုသတင်းကို စစ်ပိုင်းကြည့်လျှင် မြန်မာ့နိုင်ငံရေး အနာဂတ်ကို စောကြောနိုင်မည် ဖြစ်သည်။

စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဖြစ်ချင်ကြောင်း တိုင်းသိပြည်သိ ကမ္ဘာသိ အကြိမ်ကြိမ် ကြေညာထားသည်။ ဦးရွှေမန်းသည်လည်း သမ္မတ ဖြစ်ချင်ကြောင်း တိုင်းသိပြည်သိ ကြေညာထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ဦးရွှေမန်းသည် NLD ၏ အဓိကပြိုင်ဘက် USDP ၏ ဥက္ကဋ္ဌ ဖြစ်သည်။ တိုင်းပြည်ကို ပြောင်းလဲရန် တစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ပြီး မိမိအလွန်လိုချင်သော သမ္မတနေရာကို ပြိုင်ဘက်ပါတီ၏ ဥက္ကဋ္ဌအား တင်မည်ဟု ပြောဆိုလိုက်ခြင်းသည် ဟုတ်သာ ဟုတ်ခဲ့လျှင် အလွန်ထူးခြားသည်။  ဒေါ်အောင်ဆန်းစုကြည် ဘုရင်မ မလုပ်တော့ဘဲ နန်းသာ တင်ပေးတော့မည်ဟု ဆိုလိုက်ခြင်း။

အခြေခံဥပဒေပါ သမ္မတ အရည်အချင်းကို ဒေါ်အောင်ဆန်းစုကြည် မပြည့်မီလျှင် (ဝါ) အခြေခံဥပဒေကို အချိန်မီ မပြင်နိုင် လျှင် NLD ပါတီတွင်းမှ တစ်ယောက်ယောက်ကို ကိုယ်စားသမ္မတအဖြစ် တင်နိုင်သေးသည်။ သို့သော် ဦးရွှေမန်းကို တင်မည် ဆိုသည်မှာ အောက်ပါအကြောင်း တစ်ခုခုကြောင့် သို့မဟုတ် အားလုံးကြောင့် ဖြစ်နိုင်သည်။

(၁) ပါတီတွင်းတွင် သမ္မတ လုပ်မည့်သူမရှိ 

NLD တွင် ဒေါ်အောင်ဆန်းစုကြည် ပြီးလျှင် ဒုတိယခေါင်းဆောင် မရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်လျှင် ဦးရွှေမန်းကို တင်နိုင်သည်ဆိုသော အကြောင်းပြချက်မှာ အထူးစိတ်ဝင်စားစရာ ကောင်းသည်။ NLD သည် ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် ခေါင်းမရှိသော ကိုယ်သဖွယ် ဖြစ်မည်ဟူသော ဝေဖန်ချက် ရှိပြီးဖြစ်ရာ ထိုအကြောင်း ပြချက်သည် ခေါင်းဆောင်မှု ကွက်လပ် ဝေဖန်ချက်ကို အားကောင်း လာစေဖွယ် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါသည် ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ ကြီးသလို NLD တွင်လည်း ကြီးမားလှသည်။ ထို့ကြောင့် ဒေါ်အောင် ဆန်းစုကြည်သည် NLD၊ NLD သည် ဒေါ်အောင်ဆန်းစုကြည် အသွင်ဆောင်နေသည်။

(၂) တပ်မတော်နှင့် နားလည်မှု ရလိုခြင်း 

မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံခြင်းနောက်ပိုင်း အရှိန်အဟုန် မြန်လာသော်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ဝင်ရောက် အပြီးတွင် ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဆက်ဆံရေး တစ်စထက်တစ်စ တိုးတက် ခိုင်မာလာသယောင် ရှိပြီး လွှတ်တော်အတွင်း ပူးပေါင်း ဆောင်ရွက်မှုများစွာ တွေ့ရသည်။



တပ်မတော်အစိုးရက အာဏာစွန့်ထားသည်မှာ ပူပူနွေးနွေးသာ ရှိသေးပြီး တပ်မတော်သည် အတောင့်တင်းဆုံး အဖွဲ့အစည်း တစ်ရပ်အဖြစ် တည်ရှိနေသည့် မြန်မာနိုင်ငံတွင် တက်လာမည့် အစိုးရသည် တပ်မတော်နှင့် နားလည်မှု တစ်စုံတစ်ရာ ရှိထားရန် သို့မဟုတ် ယင်းကို တပ်မတော်က မကန့်ကွက်ရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး Player များ သိထားကြပြီး ဖြစ်သည်။ စစ်သားဟောင်း သူရဘွဲ့ရှင် ဦးရွှေမန်းကို သမ္မတတင်ခြင်းဖြင့် တပ်မတော်နှင့် နားလည်မှု ရနိုင်သည်ဟု NLD က တွက်ပုံရသည်။



ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်အောင် အခြေခံဥပဒေကို ပြင်မပေးလျှင် ဦးရွှေမန်းကို သမ္မတ အမည်စာရင်း တင်သွင်းမည်ဟု ဆိုသည်မှာမူ ထူးဆန်းသည်။ အခြေခံဥပဒေကို ပြင်နိုင်သည်မှာ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်သာ ဖြစ်သည်။ အခြေခံဥပဒေ ပြင်မပေးမှသာ လွှတ်တော် နှစ်ရပ်ပေါင်း ဥက္ကဋ္ဌ၊ ဥပဒေပြုမဏ္ဍိုင်၏ ခေါင်းဆောင် ဦးရွှေမန်းသည် သမ္မတဖြစ်ရန် NLD ၏ ထောက်ခံချက်ကို ရမည်ဆိုသည့်သဘော ဆောင်သွားသည်။ ထိုအတိုင်းသာ ဆိုလျင် ဦးရွှေမန်းသည် NLD ၏ သမ္မတလောင်း ဖြစ်ကို ဖြစ်ရတော့မည့်သဘော။

(၃) လက်ရှိနိုင်ငံရေး ဘောဂဗေဒကို အခြေခံမှ ကိုင်လှုပ်လိုခြင်း 

နိုင်ငံရေး ဘောဂဗေဒ (Political Economy) သည် နိုင်ငံရေးနှင့် စီးပွားရေး အဆက်အစပ် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးသည် ခွဲမရအောင် ဆက်စပ်နေသည်။ နိုင်ငံရေးကြောင့် စီးပွားရေးပုံစံတို့ ဖြစ်ပေါ်ရသလို စီးပွားရေးကြောင့် နိုင်ငံရေး လိုက်ပါပြောင်းလဲ ရသည်။ ရွေးကောက်ပွဲ ဝင်ရန် ရန်ပုံငွေ တောင့်မှရသည်။ နိုင်ငံရေးအာဏာနှင့် စီးပွားရေး အခွင့်အလမ်းတို့သည် တွဲပါတတ်သည်။ ဆိုရှယ်လစ်စနစ် ပြိုကျခဲ့ခြင်းမှာ နိုင်ငံရေးတွင် မထိန်းချုပ်နိုင်သောကြောင့် မဟုတ်ဘဲ စီးပွားရေး ပြိုလဲသောကြောင့် ဖြစ်သည်။ နိုင်ငံကို ပြောင်းလဲလိုလျှင် နိုင်ငံရေး ဘောဂဗေဒကို မပြောင်းလျှင် မရနိုင်။
လက်ရှိ မြန်မာ့နိုင်ငံရေး ဘောဂဗေဒသည် တစ်စတစ်စ ပုံစံပြောင်းလဲနေပြီ ဖြစ်သော်လည်း ယခင် သဘောတရားများ များစွာကျန်နေသေးသည်။ ဥပမာ-စီးပွားရေး အခွင့်အလမ်း ကြီးများသည် လူဟောင်းများ လက်ထဲတွင်သာ ရှိသည်။ အဆမတန် ဈေးကြီးသော မြေဈေးကို ဆွဲချရန် အစိုးရ အကျပ်ရိုက် နေစဉ်တွင် မြေကွက်တို့သည် ထိုလူဟောင်းများ လက်ထဲတွင်သာ အများစု ရှိနေသည်။

ဦးရွှေမန်းသည် နိုင်ငံရေး ဘောဂဗေဒကို လက်ရှိ ကြီးစိုးထားသော (Establishment) အသိုင်းအဝိုင်းတွင် ကျင်လည်သူ ဖြစ်သည်။ NLD သည် ထိုအသိုင်းအဝိုင်းကို စိန်ခေါ်သူ (Challenger) ဖြစ်ရာ အာဏာရလာလျှင် လက်ရှိ နိုင်ငံရေး ဘောဂဗေဒဖြင့် လည်ပတ်နေသော မြန်မာနိုင်ငံကို ပြောင်းလဲနိုင်ရန် ရုန်းကန်ရဦးမည်။ Establishment အတွင်းမှ လူခံတစ်ယောက်၏ အားကိုယူခြင်းဖြင့် အပြောင်းအလဲကို ချောမွေ့စေမည်ဟု NLD က တွက်ထားပုံရသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဘောဂဗေဒကို နောကျေသည့် အဓိက Player တစ်ဦးဖြစ်သော ဦးရွှေမန်း၏ အကူအညီဖြင့် ထိုနိုင်ငံရေး ဘောဂဗေဒကို ပြောင်းလဲရန် ရည်မှန်းခြင်းလေလား။

ဖြစ်လာနိုင်ခြေများ

အကယ်၍သာ ယခုသဘောထားကို ထုတ်ဖော် ပြောဆိုခြင်းသည် နိုင်ငံရေးကျားကွက် ရွှေ့ခြင်းဆိုလျှင် ယခုကျားကွက်သည် အခြေခံဥပဒေ အကျပ်အတည်းအတွက် ထွက်ပေါက် ဖြစ်လာနိုင်သည်။ မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုတွင် တွေ့ရနည်းသော ပူးပေါင်း ဆောင်ရွက်ခြင်း စံနမူနာတစ်ရပ် ဖြစ်လာမည်။ အကြီးဆုံး ပါတီကြီးနှစ်ရပ် ပူးပေါင်းမိပြီး အလွန်အင်အား ကြီးမားသော ပါတီကြီးတစ်ရပ် သို့မဟုတ် ညွန့်ပေါင်း အစိုးရတစ်ရပ် ပေါ်လာနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်သည်။ လွှတ်တော်ဥက္ကဋ္ဌ နေရာကို သမ္မတလောက် မကောင်းသော နေရာ (Second-Best) သဖွယ် သတ်မှတ်ထားသော်လည်း လက်ရှိအခြေခံ ဥပဒေအရ လွှတ်တော်သည် တန်းတူရည်တူ မဏ္ဍိုင်ကြီး သုံးရပ်တွင်မှ ကျန်မဏ္ဍိုင် နှစ်ခုထက် ခေါင်းတစ်လုံးသာသော မဏ္ဍိုင်ဖြစ်သည်။ ဦးရွှေမန်း၏ ဦးဆောင်မှုဖြင့် လွှတ်တော်သည် တန်ခိုးထက်သည်ထက် ထက်လာသောကြောင့် လွှတ်တော်ဥက္ကဋ္ဌ နေရာသည် အလွန်တန်ခိုးကြီးသော နေရာဖြစ်သည်။



တစ်ဖန် လွှတ်တော်ဥက္ကဋ္ဌ နေရာသည် နိုင်ငံ တည်ဆောက်ရေးအတွက် အလွန်အရေးကြီးသော နေရာ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ချီတက်ရန်အတွက် မြန်မာနိုင်ငံသည် ဥပဒေပြုရေး၊ စည်းမျဉ်းစည်း


ကမ်းနှင့် အညီဖြစ်ရေး ကဏ္ဍတွင် ဆယ်စုနှစ် တစ်စုခန့် ခက်ခက်ခဲခဲ လုပ်ယူရဦးမည်။ ထို့ကြောင့် အစိုးရအဖွဲ့ကို Check and Balance လုပ်မည့်၊ ဥပဒေပြုရေးကို ဦးဆောင်ရမည့် လွှတ်တော် ဥက္ကဋ္ဌသည် ထက်မြက်ရန်လိုရာ ဦးရွှေမန်းသာ သမ္မတဖြစ်လျှင် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အလားတူ ပုဂ္ဂိုလ်တစ်ဦး လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာရန် လိုသည်။

မေးခွန်းများ

ဦးရွှေမန်းကို သမ္မတအဖြစ် အဆိုပြုကောင်း ပြုမည်ဆိုသော NLD ၏ သဘောထားသည် စိတ်လှုပ်ရှားစရာ ကောင်းသည်နှင့်


အတူ မည်သို့သော ရလဒ်တို့ ထွက်လာမည် ဆိုသည်က အောက်ပါ မေးခွန်းတို့၏ အဖြေများပေါ်တွင် မူတည်ပါသည်။

(၁) ဦးရွှေမန်း ဘယ်လိုလူမျိုးလဲ။ ယခုသဘောထားကို သူဘယ်လို လက်ခံတုံ့ပြန်မလဲ။ 
(၂) NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်သို့တုံ့ပြန်မည်လဲ။ 
(၃) USDP က မည်သို့ လက်ခံတုံ့ပြန်မည်လဲ။ 
(၄) တပ်မတော်က မည်သို့ တုံ့ပြန်မည်လဲ။ 
(၅) ပြည်တွင်း နိုင်ငံရေးဘောဂဗေဒ အခင်းအကျင်းက ဘယ်လို တုံ့ပြန်မည်လဲ။

စိတ်ဝင်စားစရာ အကောင်းဆုံး မေးခွန်းတစ်ခုမှာ ယခင်တပ်မတော် အစိုးရ အကြီးအကဲနှစ်ဦးက အာဏာစွန့်သည့် အခါတွင် သူတို့ပြီးလျှင် အကြီးဆုံး ဖြစ်သည့် ဦးရွှေမန်းကို သမ္မတနေရာ မပေးခဲ့ဘဲ ဦးသိန်းစိန်ကို သမ္မတအဖြစ် အဘယ်ကြောင့် ရွေးခဲ့သလဲဆိုသည့် မေးခွန်းပင် ဖြစ်သည်။ ထိုနောက်ဆုံး မေးခွန်းသည် အထက်ပါ မေးခွန်းငါးခွန်း၏ အဖြေတို့ကို ကြီးစွာ ရိုက်ခတ်လိမ့်မည်။

the voice

No comments:

Post a Comment

My Blog List