Wednesday, September 24, 2014

ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုကြောင့် ပူတင်၏ ဂျပန်ခရီးစဉ်ကို ရှင်ဇိုအာဘေး ငြင်းဆန်



ယခုနှစ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ဂျပန်သို့ လာရောက်ရန် ယခင်က အစီအစဉ် ရှိထားခဲ့သော်လည်း ယူကရိန်း အရေး အကျပ်အတည်းကြောင့် ဂျပန်က ရုရှားကို ပိတ်ဆို့ထားသည့် နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်သည့်အတွက် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အိမ်ရှင်အဖြစ် ခရီးဦးကြိုမည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဝါရှင်တန်က တိုက်တွန်းမှုကြောင့် ယင်းခရီးစဉ်ကို ဂျပန်အစိုးရက နောက်ဆုတ်လိုက်ခြင်း ဖြစ်ကြောင်း ကျိုဒို သတင်းဌာနက အစိုးရ သတင်းရင်းမြစ် များကို ကိုးကားလျက် ဖော်ပြထားသည်။

ယူကရိန်းသို့ ရုရှားတပ်များ ဝင်ရောက်သည့် အရေးနှင့် စပ်လျဉ်းပြီး အနောက်အုပ်စု နိုင်ငံများက ရုရှားအပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူခြင်း အစီအစဉ်၌ ဂျပန်ကလည်း ဝင်ရောက် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း အရေးကြောင့် သဘောထား ကွဲလွဲလျက်ရှိသော အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့၏ အခြေအနေများကို စောင့်ကြည့်လျက် ပူတင်၏ နောက်နှစ် နွေဦးရာသီ ခရီးစဉ်ကို စီစဉ်သွားမည် ဖြစ်ကြောင်း ကျိုဒိုသတင်းက ရေးသားထား သည်။

ရှင်ဇိုအာဘေးနှင့် ပူတင်တို့သည် ဘေဂျင်းတွင် နိုဝင်ဘာလ၌ကျင်းပပြုလုပ်မည့် အာရှပစိဖိတ်စီးပွားရေးပူးပေါင်း ဆောင်ရွက် မှု ဖိုရမ်တွင် တွေ့နိုင်ခြေတော့ ရှိသည်။ 

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂျပန် ဝန်ကြီးချုပ်နှင့် ဗလာဒီမာပူတင်တို့ တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဖိုရမ်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုင်ပင်ခဲ့ကြသည်။

ရှင်ဇိုအာဘေးသည် ၂၀၁၂ ခုနှစ်အတွင်း အာဏာ ရလာပြီးနောက် ရုရှားခေါင်းဆောင် ပူတင်နှင့် အကြိမ်ကြိမ် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး စီးပွားရေး ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ခြင်းနှင့် အငြင်းပွားကျွန်း ပိုင်ဆိုင်မှု ကိစ္စတို့အတွက် ဖြေရှင်းခြင်း ဆိုင်ရာများ ဆွေးနွေးထားသည်။

သို့သော် ယူကရိန်း ပြဿနာကြောင့် အနောက်အုပ်စုနှင့် နီးစပ်သော ဂျပန်ကလည်း ရုရှားကို ဖိအားပေးသည့် အနေနှင့် စီးပွားရေးအရ ညှိနှိုင်းဆွေးနွေးမှု များကို ရပ်ဆိုင်းထားသည်။

ဂျပန်နှင့် ရုရှားတို့ အငြင်းပွားနေသော ကျွန်းကို ဆိုဗီယက် တပ်ဖွဲ့များက ဒုတိယကမ္ဘာစစ် နောက်ဆုံးရက်များတွင် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး နှစ်ဖက်လုံးက ၎င်းတို့ ပိုင်နေရာဟု သတ်မှတ်ထားသည်။

တိုကျိုအစိုးရသည် မကြာသေးခင် ရက်ပိုင်းအတွင်း ရုရှားကို စီးပွားရေးအရ ထပ်မံဖိအားပေးသော အစီအစဉ်သစ်များ ထုတ်ပြန်ဖွယ် ရှိနေပြီး ယခု ဂျပန်ဝန်ကြီးချုပ်က ပူတင်၏ တိုကျိုခရီးစဉ်ကို ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List