Friday, September 26, 2014

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ ၁၁ ရွာမှ လယ်ယာမြေဧက နှစ်သောင်းကျော် မှတ်ပုံတင်ခွင့်ရရှိရေး လယ်သမား ငါးထောင်ခန့် မကွေးမြို့၌ ဆန္ဒပြ




မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် ကံချောင်း၊ ကုန်းဘို၊ ငှက်ပျောကျင်း စသည့် ကျေးရွာ ၁၁ ရွာမှ ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင်ခဲ့သော လယ်ယာမြေဧက နှစ်သောင်းကျော် လယ်ယာမြေမှတ်ပုံတင်ခွင့်ရရှိရေးအတွက် ယင်းကျေးရွာများမှ တောင်သူလယ်သမား ၅ဝဝဝ ခန့် စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မကွေးမြို့၌ ဆန္ဒပြခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ ခဲ့ရသူများထံမှ သိရသည်။


ယင်းဆန္ဒပြပွဲသို့ ဆင်ပေါင်ဝဲမြို့နယ်မှ တောင်သူများမှာ ကားကြီး ၁၇ စီးဖြင့်လာရောက်ခဲ့ကြောင်း ဆန္ဒပြသူများက ဘိုးဘွား
ပိုင်လယ်ယာမြေများ မှတ်ပုံတင်ခွင့်ရရှိရေး တို့အရေး၊ ဘရုံသစ်တောကြိုးဝိုင်း ပယ်ဖျက်ပေးရေး တို့အရေး စသည်တို့ကို ကြွေးကြော်၍ မကွေးမြို့ ဆုံမကြီးပင်အဝိုင်းမှ စတင်ထွက်ခွာကာ မြို့ပတ်လမ်း၊ အ.ထ.က (၁) လမ်း၊ သစ္စာလမ်းတို့မှ တစ်ဆင့် တောင်တွင်းကြီးလမ်းရှိ မကွေးတိုင်း သစ်တောဦးစီးဌာနရှေ့တွင် စုဝေးခဲ့ကြောင်း၊ ထိုသို့စုဝေးစဉ်တွင် တောင်သူ
လယ်သမားခေါင်းဆောင် ကိုတင်ထွန်းအောင်က တောင်သူတို့၏နစ်နာမှုများကို ဟောပြောခဲ့ပြီး ယခုကဲ့သို့ဆန္ဒပြ၍ လယ်ယာမြေများ မှတ်ပုံတင်ခွင့်မရပါက နေပြည်တော်အထိတက်ကာ ထပ်မံဆန္ဒပြကြမည်ဖြစ်ကြောင်း တောင်သူလယ်
သမားကလည်း ကတိပြုခဲ့ကြကြောင်း သိရသည်။


အဆိုပါလယ်ယာမြေများအား ၂ဝ၁၃ ခုနှစ်က မကွေးတိုင်းသစ်တောဦးစီးဌာနမှ ဘရုံသစ်တောကြိုးဝိုင်းဧရိယာအဖြစ် သတ်မှတ်ခဲ့ကြောင်း ယင်းမြေများတွင် အစုအဖွဲ့ပိုင် သစ်တောအဖြစ် သစ်ပင်၊ သီးနှံရောနှောစိုက်ပျိုးရန် နှစ် ၃ဝ ဂရန် ထုတ်ပေးမည်ဟု ညှိနှိုင်းခဲ့ကြောင်း၊ ဒေသခံတောင်သူများက ၎င်းတို့ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးခဲ့သည့် မြေပဲ၊ နှမ်း စသော

သီးနှံများကိုသာ စိုက်ပျိုးလိုပြီး မြေယာမှတ်ပုံတင်ခွင့်ရရှိလိုသောကြောင့် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်း သစ်တော

ဦးစီးဌာနတာဝန်ရှိသူများနှင့် ဆန္ဒပြတောင်သူများထံမှ သိရသည်။

“ဦးလေးတို့ ဘိုးဘွားလက်ထက်တွေကတည်းက လုပ်ကိုင်လာတဲ့ လယ်ယာမြေ တွေကို သစ်တောဌာနက ၂ဝ၁၃ ခုနှစ်မှာ သစ်တောကြိုးဝိုင်းဆိုသတ်မှတ်ပြီး သစ်ပင်တွေစိုက်ဖို့ ပြောပါတယ်။ ဦးလေးတို့က အဲဒီမြေတွေမှာ သစ်ပင်စိုက်ရမယ် ဆိုရင် ရာသီပေါ်သီးနှံက ရမယ့်ငွေမရတော့ဘဲ စားဝတ်နေရေးခက်ခဲကြရမှာပါ။ အခုလည်း အဲဒီမြေတွေအတွက် လယ်ယာမြေ မှတ်ပုံတင်ခွင့်မရလို့ နိုင်ငံတော်က ထုတ်ချေးပေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေ မရကြပါဘူး။ 

အဲလိုအခြေအနေတွေ ကြောင့် ဆင်ပေါင်ဝဲမြို့မှာ ဇူလိုင် ၂၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်” ဟု ကံချောင်းကျေးရွာမှ လာရောက်ဆန္ဒပြခဲ့သည့် တောင်သူ ဦးကံမြင့် က ဆိုသည်။

မကွေးတိုင်း သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးက “အဲဒီဧရိယာတွေကို သစ်တောကြိုးဝိုင်းလို့ သတ်မှတ်ဖို့ရည်ရွယ်ကြောင်း ၂ဝဝ၃ ခုနှစ်ကတည်းက ကြေညာခဲ့တာပါ။ ၂ဝ၁၃ ခုနှစ်မှာ သစ်တောကြိုးဝိုင်းလို့သတ်
မှတ်ပြီး အဲဒီထဲမှာပါနေတဲ့ ဧက ၄၉ဝဝ ကျော်ကို မှတ်ပုံတင်ခွင့်ရအောင် မြေစာရင်းဌာနနဲ့ စီစဉ်ပေးခဲ့ပါတယ်။ 



အခုသစ်တောကြိုးဝိုင်းလို့ သတ်မှတ်ထားတဲ့ထဲက လယ်ယာမြေတွေကို တောင်သူတွေက အစုအဖွဲ့ပိုင် သစ်တော
မစိုက်ချင်ဘဲ လယ်ယာမြေမှတ်ပုံတင်ဖို့ တောင်းဆိုနေကြတာပါ။ ကျွန်တော်တို့ဌာနက တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အဆင်ပြေမှု မရခဲ့ပါဘူး” ဟု ပြောကြားသည်။

အဆိုပါဆန္ဒပြပွဲအတွက် ဦးဆောင်သူများမှ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးထံ တစ်ပတ်ခန့်ကြို၍ ခွင့်ပြုမိန့်တင်ခဲ့ကြောင်း၊ တောင်သူများ ဆန္ဒပြစုဝေးမည့် မကွေးတိုင်း သစ်တောဦးစီးဌာနရုံးမှာ မကွေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်၌
တည်ရှိပြီး ကျောင်းသားများ စာမေးပွဲဖြေဆိုနေသောကြောင့် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးက စက်တင်ဘာ ၂၈ ရက်တွင်မှ ဆန္ဒပြရန် စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များက နှစ်ကြိမ်ခွင့်ပြုပေးခဲ့ကြောင်း တောင်သူများမှ အားလုံးစုဝေးနိုင်ရန် စီစဉ်ပြီးဖြစ်သောကြောင့် စက်တင်ဘာ ၂၅ ရက်တွင် ဆန္ဒပြခဲ့ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ဆန္ဒပြပွဲဦးဆောင်သူ များထံမှ သိရသည်။

ဆန္ဒပြစဉ်က မကွေးတိုင်းသစ်တောဦးစီးဌာနရုံး၏ ဝင်ပေါက်ထွက်ပေါက်များကို သော့ခတ်ပိတ်ထားခဲ့သော်လည်း သတင်းထောက်အချို့အား ဝင်ရောက်ခွင့်ပြုပြီး တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှင့် ဆန္ဒပြပွဲ ဦးဆောင် သူများက တွေ့ဆုံဆွေးနွေးရန် ဝင်ရောက်ခွင့်တောင်းခံခဲ့သော်လည်း သစ်တောဦးစီးဌာန တာဝန်ရှိသူများက ခွင့်မပြု ခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများစုဝေးရာ တောင်တွင်းကြီးလမ်းရှိ မကွေးတက္ကသိုလ်ရှေ့ လက်ဝဲဘက်ယာဉ်ကြောတွင် ရဲတပ်ဖွဲ့ဝင်များက သံဆူးကြိုးတပ် သစ်သားဒေါက်များဖြင့် ပိတ်၍ လက်နက်အပြည့်ဖြင့် တားထားခဲ့သော်လည်း တောင်တွင်းကြီးလမ်းမတစ်လျှောက်တွင် ယာဉ်ကြောရှင်းပေးခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများထံမှ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List