ယူနတီသတင်းသမားများအား ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့သည့် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်အက်ဥပဒေ အား ပြင်ဆင်ခြင်းမပြုရန် လွှတ်တော်၌ မဲခွဲဆုံးဖြတ် ခဲ့သော်လည်း ပြင်ဆင်ရန် သင့်၊ မသင့် ထပ်မံလေ့လာ ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ညွှန်ကြားခဲ့သည်။
(မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ)ကို ပြင်ဆင်နိုင်ရန် ဥပဒေကြမ်း အား စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်း အဝေးသို့ သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဦးသိန်းညွန့်တင်သွင်းသည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တွင် “တစ်ဦးတစ်ယောက်သောသူသည် ပိတ်ပင်တားမြစ်ထားသည့် နေရာတစ်ခုခုဖြစ်ကြောင်း ထိုသူ မသိရှိလျှင်၊ အစိုးရလျှို့ဝှက်ချက်ကို ထိခိုက်စေသည်ဖြစ်သည်မမည်၊ ပိတ်ပင်တားမြစ်ထား သည့်နေရာ ဟုတ်၊ မဟုတ်ဆိုသော အချက်မှာ အကြောင်းချင်းရာ ပြဿနာဖြစ်သည်” ဟုလည်းကောင်း၊ “သက်ဆိုင်ရာအဖွဲ့ အစည်းက သတ်မှတ်ထားသောစည်း ကမ်းနှင့်အညီ အစိုးရရုံးဌာန၊ အဖွဲ့အစည်းများတွင် သတင်းအချက် အလက်ရ ယူခွင့်၊ နေရာထိုင်ခွင့်ရခွင့် နှင့် ဝင်ထွက်သွားလာခွင့်တို့သည် နိုင်ငံလုံခြုံရေးကို ဖြစ်စေ၊ နိုင်ငံ အကျိုးကိုဖြစ်စေ ထိခိုက်မှုဖြစ်သည်မမည်”ဟု လည်းကောင်း ကင်းလွတ်ချက်များကို ထည့်သွင်းထားသည်။
ထို့ပြင် ၎င်းဥပဒေပုဒ်မ ၅၊ ပုဒ်မ ၃၊ အပိုဒ်(၂)ကို ပယ်ဖျက်ပြီး “နိုင်ငံတော်လုံခြုံရေး ကိုဖြစ်စေ၊ နိုင်ငံအကျိုး ကိုဖြစ်စေ ထိခိုက်စေရန်ရည်ရွယ်ကြောင်း စွပ်စွဲသူက သက်သေမထူနိုင်လျှင် ဤပုဒ်မအရ ပြစ်မှုမမြောက်” ဆိုသည့်အချက်ကို ပုဒ်မ ၃၊ ပုဒ်မခွဲ(၂) အဖြစ်ထည့်သွင်းရန် ဦးသိန်းညွန့်က လွှတ်တော်သို့ တင်သွင်း ခဲ့ခြင်းဖြစ် သည်။
“ကျွန်တော်တို့ ပြီးခဲ့တဲ့လပိုင်းလောက်တုန်းက ယူနတီသတင်းဂျာနယ်က ဦးတင့်ဆန်းအပါအဝင် လေးဦးကို ဒီဥပဒေချိုးဖောက်တယ်ဆိုပြီးတော့ ထောင်ဒဏ် ၁ဝ နှစ် ပြစ်ဒဏ်ပေးခဲ့ပါတယ်။ ၁ဝ နှစ်ပေးတဲ့ ပြစ်ဒဏ်ရဲ့ စီရင်ချက်ကို လေ့လာကြည့်တဲ့အခါမှာ ဒီဥပဒေက ပြင်ကိုပြင်ရမယ့်အချက်ကို တွေ့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီဥပဒေက အင်္ဂလိပ်လိုရေးထားတယ်။ ရေးထားတဲ့အခါမှာလည်း အင်မတန်မှကို သာမန်လူ နားမလည်နိုင်တဲ့ အရေးအသားမျိုးနဲ့ ပြဌာန်းထားတာ တွေ့ရတယ်။ အဲဒီတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီး တကယ်လက်တွေ့တရားစီရင်တဲ့အခါမှာ တရားသူကြီးများက မြန်မာဘာသာပြန်ကိုပဲ အားကိုးပြီးတော့ စီရင်ဆုံးဖြတ်ကြရတာ တွေ့ပါတယ်။ အဲဒီတော့ ဒီ ဥပဒေပြဌာန်းထားတဲ့အတွက် သတင်းမီဒီယာဥပဒေမှာ သတင်းရယူနိုင်ခွင့်၊ သတင်းသိရှိခွင့် သတင်းနဲ့ပတ်သက်ပြီး ရယူရာမှာ ဘယ်နည်းဘယ်ပုံဌာနတွေက သဘောထားရမယ်ဆိုတဲ့ ပြဌာန်းချက်နဲ့ ချိန်ထိုးကြည့်လိုက်တဲ့အခါကျတော့ ဥပဒေနှစ်ခုက ဝိရောဓိဖြစ်နေ တာတွေ တွေ့ရပါတယ်။ အဲဒါကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့အခွင့်အရေးကိုရဖို့ အတွက် ဒီဥပဒေမှာပါတဲ့ ပြဌာန်းချက်များကို ပြည်ထဲရေးဝန်ကြီးဌာန(သိုမဟုတ်)သက်ဆိုင်ရာ ကော်မတီ များက ပြင်ဆင်ရင် ပြင်သင့်တဲ့ အချက်များစွာရှိပါတယ်။
သို့သော် နိုင်ငံတော်လုံခြုံရေးကြောင့် ကျန်တဲ့အချက်များကို ကျွန်တော်လုံးဝ မတို့ထိပါဘူး”ဟု လွှတ်တော် ဥပဒေပြင်ဆင်ချက်တင်သွင်းစဉ် ဦးသိန်းညွန့်က ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၅၄ တွင် ပြဌာန်းထားသော အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက်ခွင့်ရရှိရန်အတွက်လည်းကောင်း၊ သတင်းမီဒီယာဥပဒေအခန်း (၃)သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များကို ခံစားနိုင်ခွင့်ရှိရန် ယခုဥပဒေ ကြမ်းကို တင်သွင်းရခြင်းဖြစ်သည်ဟု ဦးသိန်းညွန့်က ထည့်သွင်းပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေသည် ၁၉၂၃ ခုနှစ် ဧပြီ ၂ ရက်တွင် ကိုလိုနီအင်္ဂလိပ် အစိုးရက ပြဌာန်းခဲ့သောကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈) ခုနှစ် အာဏာမတည်မီ နှစ်ပေါင်းကိုးဆယ်ကျော်က ပြဌာန်းခဲ့သော ဥပဒေဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ခေတ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ပါကြောင်း ဦးသိန်းညွန့်က ထည့်သွင်းပြောကြားသည်။
၎င်းဥပဒေအား နိုင်ငံတော်လုံခြုံရေးအခြေအနေအရ ပြင်ဆင်ရန်မသင့်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောကြားသည်။
ထို့နောက် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ပြင်ဆင်ရန် ထောက်ခံသူနည်းသဖြင့် ပြင်ဆင်ရန်မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဠ သူရဦးရွှေမန်းက ဆွေးနွေးရာတွင် “ဒီဥပဒေနဲ့ပတ်သက်ပြီး ပိုမို တိကျအောင် နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ဖို့ လို၊ မလို ဆိုတာကို စဉ်းစားဖို့ လိုအပ်လာ ပါတယ်။ အခုဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့နေရာမှာ ပြင်ဆင်အဆိုနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားတဲ့အတိုင်း အင်္ဂလိပ်လို ရေးသားဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ မြန်မာစာကိုသာ အဓိကထားပြီးတော့ ရုံးသုံးဘာသာအဖြစ် ဆောင်ရွက်တာဖြစ်တာကြောင့် အင်္ဂလိပ်လို ရေးသားထားတဲ့ ဥပဒေဟာလည်း အများပြည်သူနားလည်ဖို့ ခက်ခဲပါတယ်။
ထိုနည်းတူ ဒီဥပဒေကို ကျင့်သုံးနေတဲ့ ပညာရှင်အချို့၊ တရားရေးဝန်ထမ်းအချို့လည်း နားလည်ဖို့ခက်ခဲတဲ့ အတွက် ထိုဥပဒေမျိုးကို အမြန်ဆုံး မြန်မာလိုပြန်ဆိုဖို့လိုတယ်။ ထွက်ပေါ်လာတဲ့ အခြေအနေပေါ်မူတည် ပြီးတော့ ပြင်ဆင်ရန် လို၊ မလို လိုတဲ့နေရာမှာလည်း ဘယ်ကိစ္စမှာလိုတယ်ဆိုတာကို ထပ်မံလေ့လာသုံး သပ်ဖို့ လိုပါတယ်။
ဒါကြောင့် ဒီဥပဒေကိုတော့ ပြန်လည်လေ့လာတဲ့အခါ နည်းဥပဒေများ ရှိ၊ မရှိ အမိန့်ကြော်ငြာစာ၊ ညွှန်ကြား ချက်များ ရှိ၊ မရှိတို့ကို လေ့လာသုံးသပ်ပြီးတဲ့အခါမှာ ဥပဒေရေးရာနဲ့ တရားရေးရာကော်မတီကနေပြန် ပြီးတော့ လွှတ်တော်ကို တင်ပြဖို့လိုပါတယ်။ အဲဒီနည်းတူပဲ ဒီဥပဒေကို မြန်မာလို ပြန်ကြားနိုင်ဖို့အတွက် လွှတ်တော်ကတစ်ဆင့် သက်ဆိုင်ရာကို တိုက်တွန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment