Wednesday, September 24, 2014

KNU တပ်သား တဦး အသတ်ခံ ရခြင်းအား စုံစမ်း ဖော်ထုတ်ရန် BGF ၏ ကြိုးပမ်းမှုအား KNU ကြိုဆို


ကရင်အမျိုးသားအစည်းအရုံးမှ ရဲဘော်တစ်ဦး အသတ်ခံရ၍ သေဆုံးခဲ့ရကာ ၎င်းမှာ နယ်ခြားစောင့်တပ်နှင့် လက်ချက်ဟု ကေအဲန်ယူမှ ယူဆထားသည့်အပေါ် စုံစမ်းရန်အတွက် နယ်ခြားစောင့်တပ်မှ အထူး စုံစမ်း စစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ဗိုလ်မှူးကြီး စောချစ်သူ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျွှန်တော်တို့ တပ်ဖွဲ့က တစ်ယောက် ဒီလိုမျိုး ဖြစ်ရင်လည်း ကျနော်တို့ ခံမှာ မဟုတ်ဘူးလေ၊ KNU အဖွဲ့က တာဝန်ရှိသူ တွေရဲ့သဘောထား ကြီးမားမူကို လေးစားပါတယ်၊ အမှန်တရား ပေါ်ပေါက်ပြီး တရားဥပဒေနဲ့ အညီ အပြစ်ပေးနိုင်အောင် အထူး အရေးထား ဆောင်ရွက် ပါမယ်လို့ ဂတိပြု ပြောကြား လိုပါတယ်” ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

ထို အထူးအရေးပေါ် စုံစမ်း စစ်ဆေးရေး အဖွဲ့အား ကရင် နယ်ခြား စောင့်တပ်ရင်း များ၏ ဗဟို ကွပ်ကဲရေး အကြံပေး နှစ်ဦး ဖြစ်သည့် ဗိုလ်မှူးကြီး ထွန်းလှိုင်မှ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး စောဖားနွီး ဒုဥက္ကဋ္ဌနှင့် ကရင် နယ်ခြား စောင့်တပ်များ အထွေထွေ အတွင်းရေမှူး ဗိုလ်မှူးကြီး စောချစ်သူမှ ကော်မရှင် အထွေထွေ အတွင်းရေးမှူး အဖြစ် ပါဝင်၌ ဖွဲ့စည်း ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် မြေပြင် အချက်အလက်များ ကောက်ယူ စိစစ်ရေး အတွက် လုပ်ငန်း အကောင် အထည်ဖော် အဖွဲ့ကိုလည်း ဖွဲ့စည်း ထားပြီး ဤမြေပြင် အဖွဲ့၌ ပါဝင်သည့် သူများကိုမူ လျို့ဝှက်ချက် အရ ထုတ်ဖော် ပြောဆိုရန် ဗိုလ်မှူး နိုင်မောင်ဇော်က ငြင်းဆို ခဲ့သည်။

ဤသို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် အမှုမှန် ပေါ်ရေးအတွက် မိမိတို BGF ဘက်မှ အစောတလျင် ကိုင်တွယ် ဖော်ထုတ် နေကြောင်းကိုလည်း ယနေ့ နံနက်၌ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး၏ လုံခြုံရေး အရာရှိ ဗိုလ်မှူး ရန်နိုင်မှ တဆင့် ဆက်သွယ် ပြောကြား ခဲ့ပြီ ဖြစ်ကြောင်းလည်း ဗိုလ်မှူး နိုင်မော်ဇော်က ဆက်ပြောသည်။

ယခု ကဲ့သို့ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ အမှုမှန် ပေါ်ရန် BGF ၏ ကြိုးပမ်းမှုအား ကြိုဆိုကာ စုံစမ်း စစ်ဆေးရေး အဖွဲ့မှ ရှာဖွေ့ တွေ့ရှိချက် အပေါ်တွင် အခြေခံ၍ ပြသနာကို ဖြေရှင်း သွားမည် ဖြစ်ကြောင်းလည်း KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ပဒို သောသီက မဇ္ဈိမအား ပြောသည်။

“ဖြစ်စဉ်ကို သေချာ သိမှ ကျနော်တို့ သဘောထား ချနိုင်မယ် ထင်တယ်၊ နောက်တစ်ခုက အဲဒီ ဒေသ ကလည်း လက်နက်ကိုင် အဖွဲ့တွေ တော်တော်စုံတယ် ဆိုတော့ ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ် ဆိုတာ ဖြစ်စဉ်ကို သေချာ သိမှပဲ ပြောနိုင်မယ်၊ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့တာ ကတော့ ကောင်းမွန်တဲ့ လုပ်ရပ် တစ်ခုပါ၊ ကြိုဆိုပါတယ်” ဟု ပဒို သောသီက ပြောသည်။

အဆိုပါ သေဆုံးခဲ့သည့် KNU ရဲဘော်သည် KNU တပ်မဟာ(၆) KNU/KNLA ဌာနချုပ်အထူး စစ်ကြောင်းမှူး ဗိုလ်ကြီး လမင်း၏ ရဲဘော်စောတာနိုဖြစ်ကာ အသက် (၂၃) နှစ် ရှိပြီး နယ်ခြား စောင့်တပ်ရင်း အမှတ် (၁၀၂၂) မှ ဖမ်းဆီး ခေါ်ယူခဲ့ပြီးနောက် ယခု ကဲ့သို့ အသတ်ခံ ခဲ့ရကြောင်း KNU ဘက်မှ ယူဆထားပါ သည်။

ရဲဘော် စောတာနို၏ အလောင်းအား ယမာန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် သောင်ရင်း မြစ်နံဘေးရှိ သံတံတား အနီး၌ ပြန်လည် တွေ့ရှိ ခဲ့ပြီး သေနတ်ဒဏ်ရာများ အပါအဝင် အခြားဒဏ်ရာများနှင့် သေဆုံး ခဲ့ရခြင်း ဖြစ်သည်။

Phophtaw News Association 

No comments:

Post a Comment

My Blog List