Thursday, September 25, 2014

'အနုပညာပျိုးခင်း'၏ ဒုတိယအကြိမ်မြောက် သရုပ်ဆောင်ရွေးပွဲ၏ နောက်ဆုံးအဆင့်ရွေးချယ်ပွဲကိုအောက်တိုဘာ ၇ရက်တွင် ပြုလုပ်မည်


'အနုပညာပျိုးခင်း'၏ ဒုတိယအကြိမ်မြောက် သရုပ်ဆောင်ရွေးချယ်ခြင်းအတွက် နောက်ဆုံးအဆင့်လူရွေးပွဲ အား အောက်တိုဘာ ၇ရက်တွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ 'အနုပညာပျိုးခင်း''၏ နောက်ဆုံးအဆင့်လူရွေးချယ်ပွဲအား ဆန်ခါတင် စာရင်းတွင်ပါဝင်ခဲ့သည့် ၁၃ဦးထဲမှ ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

''လာလျှောက်တဲ့သူတွေကတော့ အများကြီးပဲလေ။ လာလျှောက်တဲ့သူတွေထဲ ကနေပြီးတော့ သူတို့ရဲ့ အရည်အချင်းကိုကြည့်ပြီးတော့ ပြန်ရွေးချယ်ခဲ့တာပါ။ နောက်ဆုံးအဆင့်မှာ ဘယ်နှစ်ယောက်ရွေးဖြစ်မလဲ ဆိုတာတော့ မသေချာသေး ပါဘူး။ 

သရုပ်ဆောင်လောကအတွက်ကတော့ မျိုးဆက်သစ်ဆိုတာက အချိန် မရွေးလိုအပ်နေတဲ့အရာပါပဲ'' ဟု အနုပညာပျိုးခင်းတည်ထောင်သူများထဲမှ တစ်ဦးဖြစ်သည့် သရုပ်ဆောင်မြင့်မြတ် က ပြောသည်။

အနုပညာပျိုးခင်း၏ဒုတိယအကြိမ်မြောက်သရုပ်ဆောင်ရွေးချယ်ပွဲတွင် လာရောက်လျှောက်ထားသူ အယောက် ၃ဝဝကျော်ရှိပြီး အဆိုပါလျှောက်ထားသူ များထဲမှ ၁၃ယောက်အား ပြန်လည်ရွေး ချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအနုပညာပျိုးခင်း၏ နောက်ဆုံးအဆင့် ၁၃ဦးမှာ ပိုင်ဖြိုးသု၊ ရွှေသမီး၊ ခိုင်သဇင်ယုဝါ၊ ဟန်သီ၊ မေဆူးမောင်၊ နန်းခေးမို(ခ)ခေးမို၊ ပိုးအိအိခန့်၊ စစ်ယွန်းဝတီဦး၊ နန်းစန္ဒလှထွန်း၊ ရွှေရည်သုန် သုန်၊ သံသာမိုးသိမ့်၊ ကူးကူးဇင်အောင်၊ ရတနာဗိုတို့ ဖြစ်သည်။

ပိုင်ဖြိုးသုက ''အခုလိုမျိုး ဆန်ခါတင်စာရင်းအထိပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာရပါတယ်။ တကယ်လို့သာ နောက်ဆုံးအဆင့် လူရွေးချယ်ပွဲအထိ ပါဝင်ခွင့်ရမယ်ဆို ရင်တော့ ဆရာအစ်ကိုတွေရဲ့ ပြောစကားကိုနားထောင်ပြီးတော့ အနုပညာအလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်သွားတော့မယ်လို့ စဉ်းစားထားပါတယ်''ဟုပြောသည်။

နောက်ဆုံးအဆင့်၏လူရွေးချယ်ခြင်းခံရသူများစာရင်းအား နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

အနုပညာပျိုးခင်းသည် ပထမဦးဆုံးအကြိမ်အနေဖြင့် သရုပ်ဆောင် အိချောပို၊ ရွှေမှုံရတီ၊ ယုသန္တာတင် တို့အား အနုပညာလမ်းကြောင်းပေါ်တွင် အောင်မြင်သည့် အနုပညာရှင်များအဖြစ်ရပ်တည်နိုင်ရန်အတွက် ပံ့ပိုးမှုများပြုလုပ်ပေးခဲ့သည်။

NN
#Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List