အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့က ၄င်းတို့၏ နောက်လိုက်များအနေဖြင့် အမေရိကန် နှင့် ပြင်သစ်နိုင်ငံသားများကို တိုက်ခိုက်ကြရန် နှင့်၊ IS အဖွဲ့ အား ချေမှုန်းတိုက်ခိုက်မည့် မဟာမိတ်အဖွဲ့တွင် ပါဝင်သည့် နိုင်ငံများ၏ နိုင်ငံသား များကို တိုက်ခိုက်ကြရန် တနင်္လာနေ့က တိုက်တွန်း ခဲ့သည်ဟု ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကြေညာချက် တစ်စောင်ထဲတွင် IS အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဘူမိုဟာ မက်အယ်လ်အက်နာနီက အမေရိကန် သမ္မတ ဘာရက် အိုဘားမား နှင့် အခြား အနောက်နိုင်ငံများအား ဘာသာရေးစစ် ဆင်နွှဲသူများဟု မခံချင်အောင် ဝေဖန်ပုတ်ခတ် ထားပြီး အနောက်နိုင်ငံများ၏ တပ်ဖွဲ့များအနေဖြင့် ၄င်းတို့၏ လက်ထဲတွင် မလွဲဧကန် ရှုံးနိမ့်သွားလိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။
အစွန်းရောက် ဆွန်နီ မွတ်စလင်အဖွဲ့ ဖြစ်သည့် IS အဖွဲ့အား ချေမှုန်းရန်အတွက် အမေရိကန်သည် နိုင်ငံတကာ ညွန့်ပေါင်း အဖွဲ့တစ်ရပ် တည်ထောင်လျက် ရှိသည်။ IS အဖွဲ့သည် အီရတ် နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းပိုက် ထားနိုင်လျက်ရှိကာ အရှေ့အလယ်ပိုင်းဒေသ၏ အချက်အခြာကျသော နေရာတွင် ၄င်းတို့သိမ်းပိုက်ထားနိုင်သော နယ်မြေ များကို စုစည်း၍ အစ္စလာမ္မစ် နိုင်ငံတစ်ခုအဖြစ် ကြေညာထားသည်။
အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ စစ်ရေးအရကြားဝင်တိုက် ခိုက်ခြင်းမှာ “ခရူးဆိတ်စစ် ဆင်နွှဲလာသူများ၏ နောက်ဆုံးလှုပ်ရှားမှု” ဖြစ်လိမ့်မည်ဟု အက်နာနီက ဆိုခဲ့ကြောင်းလည်း အာရပ်ဘာသာဖြင့် အသံဖိုင်ကို အင်္ဂလိပ် ဘာသာသို့ ပြန် ဆိုထားမှုအား စောင့်ကြည့်ရေး ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားမှု အရ သိရသည်။
“အဲဒါဟာ ကျရှုံး အရေးနိမ့် သွားမှာပါ။ ခင်ဗျားတို့ရဲ့ အရင်တုန်းက လှုပ်ရှားမှုတွေအားလုံး ကျရှုံးအရေးနိမ့်ခဲ့သလို ကျရှုံး သွားမှာပါ”ဟု အက်နာနီ က ဆိုခဲ့ပြီး IS အဖွဲ့၏ နောက်လိုက်များအနေဖြင့် “အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျ နှင့် အချို့နိုင်ငံသားများအား တိုက်ခိုက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment