Thursday, September 25, 2014

မြို့သစ်စီမံကိန်း ဆွေးနွေးမှု လွှတ်တော်နည်းဥပဒေပါ တားမြစ်ချက်များ မကျော်ရန် လွှတ်တော်ဥက္ကဋ္ဌ အသိပေး


ပွင့်လင်းမြင်သာမှု နည်းပါးသည်ဟု ဝေဖန်မှုများစွာ ခံနေရသော ရန်ကုန်မြို့သစ် စီမံကိန်းကို လွှတ်တော်တွင် ဆွေးနွေးရာ၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော် နည်းဥပဒေပါ တားမြစ် ချက်များကို ကျော်လွန်ခြင်း မပြုရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေး ပြောကြား သည်။

စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်သော တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း သတိပေး ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းကို စက်တင်ဘာ ၂၆ ရက်နေ့တွင် ပြုလုပ်မည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်သော်လည်း လွှတ်တော် ကိုယ်စားလှယ်များက နည်းဥပဒေပါ စည်းကမ်းများ၊ ကန့်သတ်ချက်များ၊ တားမြစ်ချက်များကို လိုက်နာပြီး ဆွေးနွေးရန် ကြိုတင်သတိပေးခြင်း ဖြစ်ကြောင်း ဦးစိန်တင်ဝင်းက ပြောကြားသည်။ 

“လွှတ်တော် ကိုယ်စားလှယ်များအတွက် ဆွေးနွေးချိန် ၂၀ မိနစ် ပေးထားပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် အစိုးရအဖွဲ့ဝင်များ အနေနှင့် ကြိုတင်ပြင်ဆင်ပြီး လွှတ်တော်တွင် ပြန်လည် ဖြေဆိုနိုင်ရန်အတွက် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များက စီမံကိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည့် အချက်များ၊ အကြောင်းအရာ၊ အပိုဒ်၊ အကြောင်းအရာများကို ရေးသားဖော်ပြပြီး လွှတ်တော် ညွှန်ကြားရေးမှူး ရုံးသို့ ကြို တင်ပေးပို့ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း ရန်ကုန်မြို့သစ် စီမံကိန်းကို လွှတ်တော်တွင် အတည်ပြုပေးရန် တင်သွင်းသည့် အဆို တစ်ရပ် ဖြစ်သောကြောင့် ဆွေးနွေးမည့် အကြောင်းအရာများကို ကြိုတင်ပေးပို့ရန် တောင်းဆိုမှုမှာ နည်း ဥပဒေကို ကျော်လွန်ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“အဆိုတစ်ရပ်ကို ဝင်ရောက်ဆွေးနွေးမယ့် အကြောင်းအရာတွေကို လွှတ်တော်ကို ကြိုတင်ပေးပို့ရမယ် ဆိုတာ နည်းဥပဒေမှာ မပါဘူး။ ဝန်ကြီးတွေကလည်း သူတို့ လုပ်ထားတဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဆွေးနွေး မှုတိုင်းကို ပြန်ဖြေနိုင်ရမှာပေါ့။ ကြိုတင်ပေးရတာ ဒါပထမဆုံးပဲ။ ဥပဒေကို ကျော်လွန်နေတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်း ရေးဆွဲနေခြင်းကို သြဂုတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက သဝဏ်လွှာ ပေးပို့ခဲ့ပြီး မြေဧက သုံးသောင်း အကျယ်အဝန်း ရှိသော မြို့သစ် တိုးချဲ့ရန်အတွက် ကျပ်ဘီလီယံ ခုနစ်ထောင် အသုံးပြု မည် ဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာ့စေတနာ အများပိုင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားထားသည်။

သို့သော်လည်း အဆိုပါမြို့သစ် စီမံကိန်း တစ်ခုလုံးကို ကုမ္ပဏီ တစ်ခုတည်းသို့ လုပ်ပိုင်ခွင့် ပေးအပ် ထားခြင်းနှင့် စီမံကိန်း ရေးဆွဲခြင်းကို လွှတ်တော်ကို အသိပေးခြင်း မရှိသောကြောင့် ပွင့်လင်းမြင်သာမှု မရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် ပြောကြားထားသည်။

ယင်းသို့ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့သစ် စီမံကိန်းကို ပွင့်လင်းမြင်သာစွာ တင်ဒါခေါ် မည် ဖြစ်ကြောင်း သြဂုတ်လ နောက်ဆုံးပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတင်းထုတ်ပြန် ခဲ့ပြီး စီမံကိန်းကို အတည်ပြုပေးရန် စက်တင်ဘာ ၂၂ ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးသို့ တင်သွင်းလာခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List