Thursday, September 25, 2014

ပြည်ခိုင်ဖြိုးပါတီဝင်အချို့ ဦးဆောင်၍ အင်အား ၁၀၀ ခန့်က သမ္မတဦးသိန်းစိန် အား ထောက်ခံကြောင်း မန္တလေးမြို့တွင် ဆန္ဒပြ


ပြည်ခိုင်ဖြိုးပါတီဝင်အချို့ ဦးဆောင်၍ အင်အား ၁ဝဝ ခန့်က သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း ဆန္ဒပြပွဲတစ်ခု မန္တလေးမြို့တွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။သမ္မတ ဦးသိန်းစိန်အား ထောက်ခံဆန္ဒပြမှုကို တရားဝင်ခွင့်ပြုမိန့်ဖြင့် မန္တလေးမြို့ ၆၂ လမ်း မနော်ရမ္မံဥယျာဉ်ရှေ့ရှိ ပြည်သူ့ဟစ်တိုင်နေရာ၌ စက်တင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီဝန်းကျင် အချိန်ခန့်က လူအင်အား ၁ဝဝ ခန့်မှ တုံ့ပြန်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်အား ထောက်ခံသူများက ဆန္ဒထုတ်ဖော်ခဲ့ရာတွင် (၁) ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆောင်ရွက်နေတာ သမ္မတကြီးဦးသိန်းစိန်၊ (၂)ကုန်ဈေးနှုန်း ကျဆင်းအောင် ဆောင်ရွက်နေတာ သမ္မတကြီးဦးသိန်းစိန်၊ (၃) အဂတိလိုက်စားမှု ပပျောက်အောင် ဆောင်ရွက်နေတာ သမ္မတကြီးဦးသိန်းစိန်၊ (၄) နိုင်ငံတော်ကို တည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းဖွံ့ဖြိုးစွာ ဒီမိုကရေစီ ဖော်ဆောင်ပေးနေတာ သမ္မတကြီး ဦးသိန်းစိန်၊ (၅) နိုင်ငံတကာမှ အသိအမှတ်ပြု လက်ခံအားပေးနေတာ သမ္မတကြီးဦးသိန်းစိန်၊ (၆)နိုင်ငံရေး အကျဉ်းသားများကို အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတာ သမ္မတကြီးဦးသိန်းစိန်၊ (၇)တောင်သူ လယ်သမားများ မြေယာပြဿနာများ ဖြေရှင်းပေးနေတာ သမ္မတကြီးဦးသိန်းစိန်၊ (၈) အလုပ်သမားများရပိုင်ခွင့် အခွင့်အရေးများ ဖြေရှင်းပေးနေတာ သမ္မတကြီးဦးသိန်းစိန်၊ (၉) တရားရေးမဏ္ဍိုင်ကို တည့်မတ်အောင် ဆောင်ရွက်နေတာ သမ္မတကြီးဦးသိန်းစိန်၊ (၁ဝ) ပြည်သူများ၏ စားဝတ်နေရေး ပြေလည်အောင် ဆောင် ရွက်ပေးနေတာ သမ္မတကြီးဦးသိန်းစိန်၊(၁၁) ဘာသာရေးပဋိပက္ခတွေ မဖြစ်ပေါ်အောင် ဆောင်ရွက်ပေးနေ တာ သမ္မတကြီးဦးသိန်းစိန်၊ (၁၂) ဝန်ထမ်းများအားလုံး ဘဝရပ်တည်ရေး ဖြေရှင်းပေးနေတာ သမ္မတကြီး ဦးသိန်းစိန်၊ (၁၃) သမ္မတကြီးဦးသိန်းစိန် နိုင်ငံတော်ကို ဆက်လက်ဦးဆောင်ပေးရေး ဒို့အရေး စသည့် ကြွေးကျော်သံ ၁၃ ချက်တို့ဖြင့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးဦးသိန်းစိန် နောက်သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရေးကို ထောက်ခံတဲ့အနေနဲ့ ပြုလုပ်တာပါ။ ဘယ်ပါတီ ဘယ်အသင်းအဖွဲ့မှ ကိုယ်စားမပြုပါဘူး။ သမ္မတကြီးကို ဆန့်ကျင်သူတွေကလည်း ဆန္ဒပြတယ်။ ကျွန်တော်တို့လည်း သမ္မတကြီးကို ထောက်ခံတဲ့အတွက် ကျွန်တော်တို့မှာ ဆန္ဒပြခွင့်ရှိပါတယ်” ဟု ဆန္ဒပြမှုအား ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးစိန်မင်းက ပြောကြားသည်။

သမ္မတဦးသိန်းစိန်အား ထောက်ခံဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ “ထောက်ခံဆန္ဒပြတယ်ဆိုတာ လူတိုင်းကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ပြလို့ရပါတယ်။ သို့သော် ထောက်ခံတဲ့အချက်တွေက တကယ့်ဖြစ်ရပ်မှန်တွေဆိုတာ ဟုတ်၊ မဟုတ် ဘယ်လိုသက်သေပြကြမလဲ။ တကယ့်မျက်မြင်မြေပြင် ဖြစ်ရပ်မှန်တွေနဲ့ လုံးဝတခြားစီဖြစ်နေတော့ ဒီပွဲဟာသပ်သပ် အလံရှူးပွဲဖြစ်တယ်လို့ အတိအလင်း ပြောချင်တယ်” ဟု စက်တင်ဘာ ၁၂ ရက်က သမ္မတဦးသိန်းစိန်အား ကန့်ကွက်ဆန္ဒပြခဲ့သည့် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီအရေး စဉ်ဆက်မပျက်လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ဦးစောလှအောင်က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုတွင် လူအင်အား ၁ဝဝ ခန့်ဖြင့် စုဝေးဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူအချို့တို့မှာ မိမိတို့ ထောက်ခံရမည့်ပုဂ္ဂိုလ်၏ အမည်ကို မသိရှိသဖြင့် အချင်းချင်း တီးတိုးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

“ဓာတ်ပုံရိုက်နေတုန်း ဆန္ဒပြတဲ့ လူအုပ်ထဲကနေ ထောက်ခံရမယ့်သူ နာမည်ဘယ်သူလဲဆိုပြီး မေးနေတဲ့အသံကို ကြားလိုက်ရတယ်။ အဲဒီတော့ ဘေးကလူက ကိုင်ထားတဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ကြည့်လိုက်ဆိုပြီး ပြန်ပြောတာကို တွေ့လိုက်တယ်” ဟု ဧရာဝတီသတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုတေဇလှိုင်က ပြောကြားသည်။

“ထောက်ခံပွဲဆိုတာကို ဘယ်နေရာမှာ လုပ်မယ်ဆိုတာ မသိဘူး။ ထောက်ခံပွဲရှိတာကို ရပ်ကွက်ထဲမှာ ပြောပြီးတော့ လိုက်ခေါ်လို့ ရောက်လာတာ။ လိုက်ထရပ်ကားနဲ့ ရပ်ကွက်ထဲကို လာခေါ်တာ ကားခြောက်စီး၊ ခုနစ်စီးလောက်ရှိတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သူ အသက် ၅ဝ ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“သမ္မတကြီးရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူတွေသိဖို့အတွက် ဆန္ဒပြတာပါ။ ပြုပြင်ပြောင်းလဲမှု တစ်ခုလုပ်ရင် အချိန်အတိုင်းအတာ တစ်ခုတော့ ပေးရမယ်လေ။ အဲဒီသဘောကိုတော့ နားလည်ပေးရမယ်။ ဆန့်ကျင်ဆန္ဒပြတဲ့သူတွေက သမ္မတကြီးကို အဆိုးမြင်နေကြတာ။ သမ္မတကြီး နောက်သက်တမ်း ဆက်ခံဖို့ဆိုတာက ပြည်သူတွေပေးမယ့် မဲကပဲ ဆုံးဖြတ်ပေးသွားမှာပါ။ ကျွန်တော်တို့ကတော့ သမ္မတကြီးကို ဆက်ပြီး ထောက်ခံသွားမှာပါ” ဟု သမ္မတထောက်ခံပွဲအား ဦးဆောင်ပြုလုပ်ခဲ့သည့် ဦးအောင်ကိုဝင်းက ပြောကြားသည်။

ဆန္ဒပြမှုအား ဦးဆောင်ပြုလုပ်သည့် ဦးအောင်ကိုဝင်းမှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ် အကွက်အမှတ် (ဖ-၆)တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးဖြစ်ကာ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးစိန်မင်းသည် ကံသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်၏ ညီတော်စပ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် လူငယ်အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ကံသာယာရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။

ဆန္ဒပြရာတွင် ပါဝင်သူများမှာ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် နေ့စားအလုပ်သမား ၂၅ ဦးခန့်၊ မြရည်နန္ဒာနှင့် အောင်သာယာရပ်ကွက်မှ အလုပ်သမားများ၊ ကံသာယာရပ်ကွက်မှ ၁ဝ ဦးခန့် နေ့စားခပေးကာ ခေါ်ဆောင်ခဲ့ကြောင်း ယင်းရပ်ကွက်နေ ပြည်သူများက ပြောဆိုခဲ့သည်။

ယခုကဲ့သို့ သမ္မတဦးသိန်းစိန်အား ထောက်ခံသည့် ဆန္ဒပြပွဲမတိုင်ခင် စက်တင်ဘာ ၁၂ ရက်က မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၁ လမ်းအနီးရှိ ဓမ္မသာလခန်းမအနီးတွင် သမ္မတဦးသိန်းစိန် နောက်သက်တမ်း ဆက်လက်အရွေးခံမည်ဟု ဥရောပခရီးစဉ်အတွင်း၌ ပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်းကို ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီ စဉ်ဆက်မပြတ် ဖော်ဆောင်ရေးအဖွဲ့ (MDCF) နှင့် အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သူများအဖွဲ့(FNI) တို့ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List