Thursday, September 25, 2014

အပစ်အခတ်ရပ်စဲရေး ဘယ်တော့အောင်မြင်မလဲ



တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ(UWPC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ တွေ့ဆုံဆွေးနွေးခဲ့သည်မှာ(၆)ကြိမ်မြောက်ရောက်ရှိလာ ခဲ့ပြီဖြစ်ပါသည်။
ယခင်တွေ့ဆုံမှုများတွင် အပစ်ရပ်စာချုပ်မူကြမ်းပါ အခန်း(၇)ခန်း၊ အချက်ပေါင်း (၁၀၄)ချက်ရှိသည့်အနက် ဆွေးနွေးရန် ၅ ချက်သာကျန်တော့သည်ဟု ထုတ်ပြန်ထားခဲ့သည်။ သို့သော်စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်ခဲ့သော (၆)ကြိမ်မြောက်ဆွေး နွေပွဲတွင်ကျန်ရှိနေသည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် လူများ၊ အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ရမည့် အဖွဲ့အစည်း စာရင်း၊ ပူးတွဲဦးဆောင်ကော်မတီဖွဲ့စည်းရေးစသည့် အချက် ၅ ချက်ကိုဆွေးနွေးခြင်း မရှိသေးကြောင်း တီးတိုးအသံများ ကြားလာရသည်။

သို့ဆိုလျှင် မျှော်လင့်ချက်ကြီးမားစွာ စတင်ခဲ့သော အပစ်ရပ်ဆွေးနွေးပွဲတွင် UPWC နှင့် NCCT တို့ကြားညှိနှိုင်းမရသော ပြသာနာများရှိနေမည်မှာ သေချာပါသည်။ အပစ်အခတ်ရပ်စဲရေးတွင် အရေးပါသည့်တပ်နေရာချထားရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများနှင့် အခြေခံသဘောတူ ညီချက်များကို နောက်ချန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးပြီး မှ ဆက်လက် ဆွေးနွေးမည်ဆိုသည့်အချက်ကို တိုင်းရင်းသားများဘက်မှ သဘောမတူသည့် အပြင် အခြေခံမခိုင်မာပါက လက်မှတ်ထိုးသွားမည်မဟုတ်ကြောင်း NCCT ခေါင်းဆောင်ပိုင်းက ဖွင့်ချလိုက်ပြီဖြစ်သည်။

တစ်ဖန် တပ်မတော်ဘက်ကလည်း ယခင်သဘောတူညီထားခဲ့သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းဆိုသည့်အချက်အား နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးရန် သဘောတူသည် ဆိုသည့် အချက်ကို ယခုအခါ အပစ်ရပ်ရေးစာချုပ်တွင် မထည့်သွင်းလိုတော့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က ဒီမိုကရေစီနှင့်အမျိုးသား တန်းတူရေး အခြေခံသည့်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မှသာလျှင် ရနိုင်မည်ဟုကန့်ကွက်မှုများရှိခဲ့သည်။ သို့သော် တပ်မတော်မှ ချမှတ်ထားသည့် ထာဝရငြိမ်းချမ်းရေးရယူရန်၊ သဘောတူစာချုပ်များ အတိုင်းကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ်အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန် ထားသောတည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန် ဒို့တာဝန်အရေး သုံးပါးနှင့်ဒီမိုကရေစီအနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် လိုက်ပါရမည်ဟူသည့်အချက်အား ပြင်ဆင်သွား မည်မဟုတ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားခဲ့ပြီးဖြစ် ပါသည်။

အချုပ်ဆိုရသော် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးလာသည်မှာ (၆)ကြိမ်မြောက်ရှိပြီဖြစ်ပါသည်။ ဆွေးနွေးပွဲမပြီးဆုံး သေးခင်မှာပဲ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရန် အောက်တိုဘာတွင် မသေချာတော့ဟု မီဒီယာများက ဖွလာကြပြီ ဖြစ်ပါသည်။ ညှိနှိုင်း၍မရသော ကိစ္စများကို မည်သို့ဖြေရှင်းကြမည်နည်း။ အောက်တိုဘာမှာ လက်မှတ်ရေးမထိုးနိုင်ရင် ဒီဇင်ဘာမှာထိုးမှာလား။ ဒါမှမဟုတ် ၂၀၁၅ ထဲမှာထိုးမှာလား။ အဆုံးစွန်ထိပြော ရရင် နောက်သမ္မတတက်လာရင်တောင် မအောင်မြင်နိုင်မယ့်အနေ အထားမျိုးဖြစ်ပါသည်။ 

သို့အတွက် အစကောင်းလာပြီးကာမှ အနှောင်းမသေချာသောငြိမ်းချမ်း ရေးမဖြစ်စေရန် တိုင်းပြည်အတွက် အသင့်လျော်ဆုံးတောင်းဆိုမှု၊ လိုက်လျော မှုတွေနဲ့ အဖြေရှာသင့်ပါကြောင်း တိုက်တွန်း ရေးသားအပ်ပါသည်။

နေ၀န်းသစ်
နေ့စဉ်သတင်း

No comments:

Post a Comment

My Blog List