Monday, September 22, 2014

သံလွင်မြစ်အပါအ၀င် မြန်မာနိုင်ငံရှိမြစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖက်စပ်ဆောင်ရွက်ရန် စီစဉ်ထားသည့် ရေအားလျှပ်စစ်စီမံကိန်း ၃၂ ခုအထိရှိနေ



သံလွင်မြစ်အပါအဝင် မြန်မာနိုင်ငံရှိမြစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖက်စပ်ဆောင်ရွက်ရန် စီစဉ်ထား သည့် ရေအားလျှပ်စစ်စီမံကိန်း ၃၂ ခုအထိရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ဖော်ပြထား သည့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများနှင့် စပ်လျဉ်းသည့် ရှင်းလင်းချက်အရ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (ဖက် စပ်ပိုင်) J.V/B.O.T စီမံကိန်းများတွင် JV Agreement လက်မှတ်ရေးထိုးပြီး စီမံကိန်းလေးခု၊ MOA လက်မှတ်ရေးထိုးပြီး စီမံကိန်း ၁၉ ခု၊ MoU လက်မှတ်ရေးထိုးပြီး စူးစမ်းလေ့လာဆဲ စီမံကိန်းကိုးခု တို့ဖြစ်ကြောင်း သိရသည်။

JV Agreement လက်မှတ်ရေးထိုးပြီး စီမံကိန်းများတွင် တရုတ် CPI ကုမ္ပဏီနှင့် အေးရှားဝေါလ်တို့ ဆောင်ရွက်မည့် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ဆုံစီမံကိန်း (ဆိုင်းငံ့ထား)၊ မေခမြစ်ပေါ်တွင် ဆောင်ရွက် မည့် ချီဗွေ၊ မေလိခမြစ်ပေါ်တွင် ဆောင်ရွက်မည့် လိုက်ဇာစီမံကိန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ကွမ်းလုံစီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စီမံကိန်းလေးခုအနက် ဧရာဝတီမြစ်ဆုံစီမံကိန်းမှာ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ ထားပြီး အခြားစီမံကိန်းသုံးခုမှာ EIA/SIA ရရှိပြီးဖြစ်ကာ ဆောင်ရွက်သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အဆိုပါရှင်းလင်းချက်တွင် ဖော်ပြထားသည်။

MoA လက်မှတ်ရေးထိုးပြီး စီမံကိန်းမှာ ၁၉ ခုရှိပြီး ကချင်ပြည်နယ် မေခမြစ်ပေါ်တွင် ဝူဆောက်၊ ခေါင်လံဖူး၊ ယီနန်၊ ဖီဇော စီမံကိန်းများဖြစ်ပြီး တရုတ် CPI ကုမ္ပဏီနှင့်  အေးရှားဝေါလ်တို့ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ကချင်ပြည်နယ် နော်ချမ်းခမြစ်ပေါ်တွင် ဂေါလန်၊ ခန်ကန်း၊ လောင်းဒင်၊ ထုံရှင်းချောင် ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။ ကယားပြည်နယ် သံလွင်မြစ်ပေါ် တွင် ရွာသစ်စီမံကိန်း၊ ကရင်ပြည်နယ် သံလွင်မြစ်ပေါ်တွင် တရုတ် Sino Hydro ကုမ္ပဏီ၊ ထိုင်း EGAT နှင့် IGOEC တို့က ဆောင်ရွက်မည့် ဟတ်ကြီးစီမံကိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) သံလွင်မြစ်ပေါ်တွင် နောင်ဖ၊ နမ့်မမြစ်ပေါ်တွင် မန်တောင်း၊ ရွှေလီမြစ်ပေါ်တွင် ရွှေလီ(၂)၊ ကယားပြည်နယ် နမ့်တဘက်စီမံကိန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)/ကယားပြည်နယ် (နမ့်ပွန်)တွင် ထုကျန်း၊ ဟန်န၊ သခွ၊ ပလောင်၊ ဘော်လခဲစ သည့် စီမံကိန်းများဖြစ်ကြောင်း သိရသည်။

ရွာသစ်စီမံကိန်းအား EIA/ SIA မထိခိုက်စေရန် ပြန်လည်သုံးသပ်လျက်ရှိပြီး ဟတ်ကြီးစီမံကိန်းကို ဖြစ်နိုင် စွမ်းလေ့လာမှု ပြည့်စုံရန် အသေးစိတ် စူးစမ်းလေ့လာနေဆဲဖြစ်ကာ ရွှေလီ (၂)စီမံကိန်းအတွက် EIA/SIA အတည်ပြုပြီး JVA ရေးထိုးရန် ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။

MoU လက်မှတ်ရေးထိုးပြီး စူးစမ်းလေ့လာဆဲ စီမံကိန်းကိုးခုရှိပြီး ကချင်ပြည်နယ်တွင် တာပိန်(၂)၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း) သံလွင်မြစ်ပေါ်တွင် မိုင်းတုံစီမံကိန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျိုင်းတုံစီမံကိန်း၊ ဝမ်တာပင်း၊ ဆီလူး၊ ကျိုင်းရမ်း၊ ဟီကူးစီမံကိန်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် နမ့်ခ၊ ကချင်ပြည်နယ် တွင် နမ့်တဘက်စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများနှင့် စပ်လျဉ်း သည့် ရှင်းလင်းချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (ဖက်စပ်ပိုင်) J.V/B.O.T စီမံကိန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံသူများမှာ တရုတ်ကုမ္ပဏီများ အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆည်များတည်ဆောက်ရာတွင် ခန့်မှန်းကုန်ကျစရိတ်ထက် ပိုမိုစိုက် ထုတ်ရန် ခက်ခဲခြင်းများကြောင့် ဆောက်လုပ်ရေးပိုင်းတွင် အရည်အသွေး မပြည့်မီလျှင် အန္တရာယ်ကြီး မားကြောင်း ကမ္ဘာပေါ်ရှိ ဆည်ပေါင်း ၂၄ဝ ကျော်အား စစ်တမ်းပြုလုပ်ထားသော အောက်စဖို့စစ်တမ်းတွင် ဖော်ပြထားသည်။

ဆည်များတည်ဆောက်ပြီး နောက်ပိုင်းတွင် လျှပ်စစ်ရရှိလာသော်လည်း မှန်းထားသည့်အတိုင်း လျှပ်စစ် ဓာတ်အားရရှိရန်မှာ မဖြစ်နိုင်ကြောင်း၊ ရာသီဥတုနှင့် မိုးရွာသွန်းမှု စသည့်အခြေအနေများကြောင့် လျှပ်စစ် ဓာတ်အား အပြည့်အဝ ရရှိစေနိုင်မည် မဟုတ်ကြောင်းကိုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် မြစ်ကြီးများပေါ်တွင် ကြီးမားသည့်ဆည်များ တည်ဆောက်မည်ဆိုပါက ပြည်သူများ အပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ပညာရှင်များ၏ ရှင်းလင်း ဟောပြောမှုကို ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်မြို့ UMFCCI အသင်းချုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် တက်ရောက်လာသူများက ဆည်များတည်ဆောက်မှုကို ကန့်ကွက်ခဲ့သည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List