Friday, September 26, 2014

ဂျာမန်ကာကွယ်ရေးဝန်ကြီး အီရတ်မြောက်ပိုင်းရှိ စစ်ပြေးဒုက္ခသည်စခန်းများသို့ သွားရောက်မည်


ဂျာမန်ကာကွယ်ရေးဝန်ကြီး အာဆူလာ ဗွန်ဒါ လဲ့ယန် (Ursula von der Leyen) ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က အီရတ်နိုင်ငံမြောက်ပိုင်း ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တော် အာဘီရ်မြို့ကိုရောက်ရှိလာပါတယ်။

ခရီးစဉ်အတွင်း ဂျာမန်တပ်ဖွဲ့ဝင်တွေ၊ ကာဒ့်သမ္မတ မာဆော့ ဘာဇာနီ (Massoud Barzani) နဲ့ တွေ့ဆုံပြီး အီရတ်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည်စခန်းတွေဆီ သွားရောက်မယ်လို့ သိရပါတယ်။

အီရတ်မြောက်ပိုင်းမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို စစ်ဆင်နေတဲ့ ကာဒ့် တပ်ဖွဲ့တွေနဲ့ အီရတ်တပ်ဖွဲ့ တွေကို ဂျာမနီနိုင်ငံက စစ်လက်နက်တွေ စတင်ထောက်ပံ့ပြီးနောက်ပိုင်း ပထမဆုံး လာရောက်တဲ့ ဂျာမန် အစိုးရ ထိပ်တန်းခေါင်းဆောင် ဖြစ်ပါတယ်။

ဂျာမန်စစ်လက်နက်ထောက်ပံ့ရေးပစ္စည်းတွေနဲ့ စစ်ဖက်အကြံပေးတွေ မကြာခင် ကာလအတွင်း ထပ်မံ ရောက်ရှိလာဖို့လည်း ရှိပါတယ်။

ကာဒ့်တပ်ဖွဲ့ဝင်တွေကို စစ်လက်နက် သင်တန်းပေးဖို့ ဂျာမန်သင်တန်းမှူး ၆ ဦးလည်း စေလွှတ်မယ်လို့ ဆိုပါတယ်။

ကာဒ့်တပ်ဖွဲ့ဝင်တွေကို ဂျာမနီအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်လက်နက်တွေ ထောက်ပံ့ဖို့ သဘောတူထားကြပြီး ဂျာမနီတနိုင်ငံထဲကတင် စစ်လက်နက်ပစ္စည်း တန် ၆၀၀ ကျော် ထောက်ပံ့မှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံဟာ အိုင်အက်စ်အကြမ်းဖက်တွေကို တိုက်ရိုက်တိုက်ခိုက်စစ်ဆင်ရေး တွေမှာ မပါဝင်ပေမယ့် ကာဒ့်တပ်ဖွဲ့ဝင်တွေကို စစ်လက်နက်တွေ ထောက်ပံ့ရေး ဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ကိုင်စွဲလာတဲ့ စစ်ရေးဆိုင်ရာမူဝါဒကို ပထမဆုံး အပြောင်းအလဲ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List