Friday, September 26, 2014

မန္တလေးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု များလာသော်လည်း အဓိကရောင်း ချသူများ မမိ၍ ရတနာပုံ (၂) စစ်ဆင်ရေးစီမံချက်ဖြင့်နေပြည်တော်မှ လာရောက် ပူးပေါင်းဖမ်းဆီးလျက်ရှိ



မန္တလေးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု များလာသော်လည်း အဓိကရောင်း ချသူများ ဖမ်းဆီးနိုင်ခြင်းမရှိ၍ ရတနာပုံ(၂) စစ်ဆင်ရေးစီမံချက်ဖြင့် နေပြည်တော်မှ လာရောက်ပူးပေါင်း ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။ “ပထမတစ်ခါ ရတနာပုံစစ်ဆင်ရေးအနေနဲ့ ဖမ်းဆီးစဉ်က တစ်နေ့ကို မူးယစ်ဆေးဝါးမှု ငါးမှုအထက် မိတယ်။ အဲဒါရပ်နားပြီးတဲ့နောက် မန္တလေးမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ သတင်းရရှိနေပြီး လုပ်ကိုင်နေကြတုန်းပါပဲ။ 



လက်ရှိအင်အားနဲ့ မလုံလောက်လို့ စစ်ဆင်ရေးတစ်ခုအနေနဲ့ နေပြည်တော်က လာရောက်ပူးပေါင်းဖမ်းဆီးနေတာ ဖြစ်ပါ တယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

မန္တလေးမြို့သို့ တရုတ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများမှတစ်ဆင့် ဘိန်းဖြူ အပါအဝင် မူးယစ်ဆေးဝါးများ ဝင်ရောက် မှုရှိသကဲ့သို့ အိန္ဒိယနယ်စပ်မှလည်း ဆူဒိုဆေးပြားများ အပါအဝင် အခြားစိတ်ကြွဆေးပြားများ ဝင်ရောက်နေကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

၂ဝ၁၄ ခုနှစ် မေလအတွင်းက ရတနာပုံစစ်ဆင်ရေးစီမံချက်(၁)ဖြင့် ဖမ်းဆီးခဲ့စဉ်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု လျော့ပါးခဲ့သော်လည်း စီမံချက်ရပ်နား ခဲ့ပြီးနောက် ရောင်းဝယ်သုံးစွဲမှုမှာ ပိုမိုများပြားလာသည်ဟု မီဒီယာများ တွင်ဖော်ပြ မှုကြောင့် ထိုသို့ စီမံချက်(၂)ဖြင့် ပြန်လည်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ နေပြည်တော်မှ သီးခြားအင်အားတစ်ရပ်အနေဖြင့် မြို့နယ်ခုနစ်မြို့နယ်တွင် ခုနစ်ဖွဲ့အခြေချကာ တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့များတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးခရိုင် ဒုရဲမှူးကြီးစိန်ထွန်းက ပြောကြားသည်။

“မူးယစ်အထူးတပ်ဖွဲ့ ၁၇၊ ၁၈ နဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သတင်းရယူဖမ်းဆီး ဆောင်ရွက်နေပါတယ်”ဟု ဒုရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ထိုသို့ဝင်ရောက်နေမှု များပြားနေခြင်းကြောင့် မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် ရထားဘူတာနှင့် ကားဂိတ်များတွင် နေ့စဉ် ဖမ်းဆီးရရှိလျက်ရှိသော်လည်း အဓိကရောင်းချနေသောသူများကို ကွင်းဆက်ဖြင့် ထုတ်ဖော်ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများက ဝေဖန်လျက်ရှိပြီး မန္တလေးမြို့ပေါ်တွင် ရဲတပ်ဖွဲ့ဝင်များအား နေ့စဉ်ကြေးပေးကာ မူးယစ်ဆေးဝါး ရောင်းချနေမှုများရှိနေကြောင်း လူမှုကွန်ရက်များနှင့် မြို့ခံများအတွင်း သတင်းထွက်ပေါ်လျက် ရှိသည်။

“မန္တလေးမှာ မူးယစ်ဆေးဝါးရောင်းဝယ်ပြီး သုံးစွဲလို့ရတဲ့နေရာတွေကို အွန်လိုင်းစာမျက်နှာတွေပေါ်မှာ အတိအကျနဲ့ ရေးထား တာတွေ တွေ့ရတယ်။ တကယ်တမ်း အဲဒီလိုနေရာတွေကို ဆိုက်ကားနင်းတဲ့သူကအစ အားလုံးသိကြတယ်။ ဒါကို ရဲတပ်ဖွဲ့ အနေနဲ့ ဘာကြောင့်မဖမ်းလဲဆိုတာမျိုးနဲ့ မူးယစ်ဆေးဝါးဖြန့်ချိတဲ့ ဂိုဏ်းတွေက တစ်ရက် သုံးသိန်း ရဲကြေးပေးပြီး ရောင်း ဝယ်နေတယ်လို့ သိရပါတယ်”ဟု ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မန္တလေးတွင် မူးယစ်ဆေးဝါးရောင်းချ မှုများပြားသလို ဆယ်ကျော်သက်လူငယ် များတွင်ပါ သုံးစွဲမှုရှိနေပြီး မှုခင်းဖြစ်ရပ်၊ ယာဉ်တိုက်လူသေဆုံးမှုဖြစ်စဉ်များတွင် မူးယစ်ဆေးဝါးသုံးစွဲထားမှုများကြောင့် ပိုမိုဆိုးရွားစေခဲ့ကြောင်း သိရသည်။ 

ဩဂုတ်လအတွင်းက လူလေးဦးသေဆုံးကာ သုံးဦးအပြင်းထန် ဒဏ်ရာရစေခဲ့သည့် ယာဉ်တိုက်မှုမှ ယာဉ်မောင်းသည် လည်း မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List