သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်တောင်းတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကမ္ဘောဒီးယား အစိုးရက သဘောတူ လိုက်ပါပြီ။ သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်တောင်းနေတဲ့ ဒုက္ခသည်တွေကို သြစတြေးလျ အစိုးရက ကမ္ဘော ဒီးယားနိုင်ငံကို ပို့ဆောင်ဖို့ ကြိုးစားတာ လနဲ့ချီ ကြာမြှင့်ခဲ့ပြီးနောက် အခုလို သဘောတူညီမှု ရခဲ့တာပါ။
ဒီလာမယ့် သောကြာနေ့မှာပဲ ကမ္ဘောဒီးယားနိုင်ငံ ဖနွန်ပင်မြို့မှာ ကမ္ဘောဒီးယား အစိုးရနဲ့ သြစတြေးလျနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး Scott Morrison တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြမှာ ဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
အေဘီစီရရှိတဲ့ သတင်းအရ Nauru ကျွန်း လူဝင်မှု ထိန်းသိမ်းရေးစခန်းက ဒုက္ခသည် စစ်မှန်သူတွေကိုသာ ကမ္ဘောဒီးယားက လက်ခံမှာ ဖြစ်ပြီး အဲဒီလူတွေကိုလည်း ပြည်သူတွေကြားမှာပဲ နေထိုင်ခွင့်ပြုဖို့ အစိုးရက အလိုရှိနေပါတယ်။
သြစတြေးလျဒုက္ခသည် ဘယ်နှစ်ယောက်ကို ကမ္ဘောဒီးယားက လက်ခံမလဲ ဆိုတာကိုလည်း မသိရသေး ပါဘူး။
ကမ္ဘောဒီးယားနဲ့ သဘောတူညီမှု ရဖို့ သြစတြေးလျ အစိုးရက ဘယ်လောက် ကုန်ကျခံခဲ့သလဲဆိုတာ မသိရပေမယ့် ကမ္ဘောဒီးယားနိုင်ငံဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့အတွက် ထောက်ပံ့ကူညီမှုတွေ ရရှိလို့ သဘောတူတာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။
ဒီကိစ္စအပေါ် ဂရင်းပါတီက ကန့်ကွက်နေပြီး သြစတြေးလျနိုင်ငံမှာ လာရောက် ခိုလှုံခွင့်တောင်းတဲ့ ဒုက္ခသည်တွေကို ဆင်းရဲတဲ့ ကမ္ဘောဒီးယားလို နိုင်ငံမျိုးမှာ သွားပြီးတော့ စွန့်ပစ်တာတွေ မလုပ်သင့်တဲ့ အကြောင်း ကမ္ဘောဒီးယားနိုင်ငံမှာ ခွဲခြားမှုတွေ၊ အနိုင်ကျင့်မှုတွေ ခံရနိုင်တယ်လို့လည်း စိုးရိမ်ပူပန်နေကြ ပါတယ်။
ABC

No comments:
Post a Comment