၂ဝ၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစနစ်သစ် တစ်ခုဖြစ်သည့် အချိုးကျ ကိုယ်စားပြုစနစ် (PR စနစ်)ကို ကျင့်သုံးပါက စနစ်ကျအောင် ကျင်းပပေးရန် အားနည်းမည့် အခြေအနေရှိသည်ဟု စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
ရွေးကောက်ပွဲစနစ်သစ် အသုံးပြုမပြုကို ရွေးကောက်ပွဲကော်မရှင်မှ ဆုံးဖြတ်လို့ မရကြောင်း၊ နိုင်ငံတော်နှင့် လွှတ်တော်ကသာ ဆုံးဖြတ်ခွင့်ရှိကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ပါတီများက ရွေးကောက်ပွဲစနစ်ပြောင်းရန် တင်ပြသည့်အတွက် ၂ဝ၁၃ ခုနှစ်တွင် ရွေးကောက်ပွဲစနစ် ပြင်၊ မပြင် ဆုံးဖြတ်ချက်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ စာရေးသားပေးပို့ အကြံပြုခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကျွန်တော့်အကြံပြုချက်ကို ပြည်ထောင်စုလွှတ်တော်က မဆွေးနွေးကြောင်း၊ လုပ်ထုံးလုပ်နည်း နားမလည် ဘူးဟူသည့် ပြောဆိုမှုများပင် ရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
ဦးတင်အေးက “မဆွေးနွေးနေရာကနေ ၂ဝ၁၄ ကျမှလာပြီးတော့ အမျိုးသားလွှတ်တော်ကနေပြီးတော့ ပီအာရ်စနစ် ကျင့်သုံးသင့်ပါတယ်ဆိုပြီး တင်လာရော။ တကယ့်တကယ်တော့ အချိန်ကသိပ်ကပ်နေတယ်။ သို့သော်လည်း ကျွန်တော်တို့ကော်မရှင်က မလုပ်လို့မရဘူး။ ဥပဒေအရ ခိုင်းတဲ့တာဝန်ကို မလုပ်ဆောင်လို့ရှိရင် စွပ်စွဲပြစ်တင်ပြီးတော့ ဖြုတ်လို့ရတယ်ဆိုပြီးတော့ ဥပဒေကရှိနေတယ်။ အဲဒါကြောင့် ပြန်ပြောမယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲစနစ် ပြောင်းလဲတာသည် ကျွန်တော့် အလုပ်မဟုတ်ပါဘူး။ လွှတ်တော်ရဲ့ အလုပ်ပါ။ အချိန်ကြိုရလို့ရှိရင် ကျွန်တော် စနစ်ကျအောင် ကျွန်တော်ကျင်းပပေးနိုင်ပါတယ်။ အချိန်နည်းလို့ရှိရင် လုပ်တော့လုပ်ပေးရမယ်။ စနစ်ကျဖို့တော့ အားနည်းသွားဖို့ အခြေအနေရှိပါတယ်” ဟုဆိုသည်။
လက်ရှိတွင် အမျိုးသားလွှတ်တော်က PR စနစ်ကျင့်သုံးရန် ဆုံးဖြတ်ပြီးဖြစ်ကာ ဥပဒေလည်းပြုနေပြီဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင်မူ မည်သည့်ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးမည်ဆိုသည်ကို ဆွေးနွေးနေဆဲ ကာလဖြစ်ပြီး PR စနစ်ကျင့်သုံးခြင်း ရှိ၊ မရှိ မသေချာသေးဟု ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
“PR စနစ်က အချိုးကျစနစ်ပါ။ အချိုးကျစနစ်က လွယ်လွယ်ကူကူလည်း ဖြစ်ပါတယ်။ လွယ်လွယ်ကူကူ လုပ်မယ်ဆိုရင်လည်း ရတယ်။ သူ့မှာ စနစ်တွေရှိပါတယ်။ အဲဒါကြောင့် သူတို့ကို ကျွန်တော်ပြောထားတာက လွယ်ကူသော စနစ်ကိုပဲ ပြဌာန်းပေးပါဆိုပြီး ဒီလိုပဲပြောထားပါတယ်” ဟု ၎င်းကဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ရွေးကောက် ပွဲကော်မရှင်သည် အဓိက ကတော့ ဘက်လိုက်မှုကင်းစွာနဲ့ ပြည်သူ့ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်ပေးဖို့ တာဝန်ရှိတာပေါ့။ လွှတ်တော်မှာ တာဝန်ရှိတာလည်း ဟုတ်နိုင်တယ်။ ဒါပေမဲ့လို့ ရွေးကောက်ပွဲစနစ် တစ်ခုကို ကျင်းပပေးရမယ့် ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ပိုကြီးပါတယ်” ဟု ပြောကြားသည်။
PR စနစ်သည်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် ယင်းစနစ်ကို မြန်မာနိုင်ငံရွေးကောက်ပွဲတွင် ပြောင်းလဲ ကျင့်သုံးရန်မသင့်ကြောင်း အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မိတ်ဖက်တိုင်းရင်းသား ပါတီများက ကြေညာချက်ထုတ်ပြန်ထားသည်။
Eleven Media Group
No comments:
Post a Comment