Tuesday, September 23, 2014

ပျောက်ဆုံး တက်သမားနှစ်ဦးကို ရှာဖွေမည့် မြေပြင်ကယ်ဆယ်ရေးအဖွဲ့ ၂၃ ရက်နေ့ တောင်ခြေရောက်မည်



ရက်ပေါင်း နှစ်ဆယ်ကျော်ကြာ ပျောက်ဆုံးနေသည့် ခါကာဘိုရာဇီ တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် တဟွန်ဒမ်းမှ ထွက်လာသည့် မြေပြင်ကယ်ဆယ်ရေးအဖွဲ့များ တောင်ခြေစခန်းသို့ စက်တင်ဘာ ၂၃ ရက်တွင် ရောက်ရှိမည်ဟု ထူးဖောင်ဒေးရှင်း မီဒီယာပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကို က ပြောသည်။
ခါကာဘိုရာဇီ တောင်တက်ရာတွင် အောင်မြင်ခဲ့သည့် ဦးနမားဂျွန်ဆင် ခေါင်းဆောင်သည့် မြေပြင်ရှာဖွေရေးအဖွဲ့သည် တဟွန်ဒမ်းကျေးရွာမှ စက်တင်ဘာ ၁၉ ရက်က ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ရာသီဥတုကောင်းမွန်ပါက ဆယ်ရက်အတွင်း တောင်ထိပ်ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

"ကျွန်တော်တို့ ခြေလျင်ရှာဖွေရေးအဖွဲ့နဲ့ အဆက်အသွယ်ရတယ်။ စက်တင်ဘာ ၂၃ ရက် ရောက်ပါမယ်။ ဝေဟင်ရှာဖွေရေး လုပ်တဲ့ နေရာမှာတော့ ရှာဖွေကယ်ဆယ်ဖို့ ရဟတ်ယာဉ်နဲ့ လေ့ကျင့်မှုတွေလုပ်နေတယ်။ ဒါပေမယ့် ရာသီဥတုအခြေအနေ လုံးဝမပေးတဲ့အတွက် ရဟတ်ယာဉ်နဲ့ရှာဖွေရေးမှာ အခက်အခဲအနည်းငယ်ရှိတယ်" ဟု ဦးဖြိုးကိုကိုက ဆိုသည်။

ထူးကုမ္ပဏီ၊ ထိုင်း၊ နီပေါ၊ အမေရိကန်၊ မြောက်ပိုင်းတိုင်း လေတပ်စခန်းဌာနချုပ် တို့မှ ကျွမ်းကျင်သော လေယာဉ်မှူးများက ရဟတ်ယာဉ်လေးစီးဖြင့် ဝေဟင်ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေ မကောင်းခြင်းကြောင့် စက်တင်ဘာ ၂၂ ရက်တွင် ပူတာအိုတွင် လေ့ကျင့်မှုများသာ လုပ်နေရသည်။

မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ထူးဖောင်ဒေးရှင်းက လုပ်ဆောင် လျှက်ရှိပြီး နှစ်ဖက်မှရှာဖွေလျှင် ပိုအဆင်ပြေမည် ဟုဆိုကာ စက်တင်ဘာ ၁၇ ရက်က ပြန်သွားသည့် တရုတ် Blue Sky တောင်တက်အဖွဲ့မှ တိဗက်အခြမ်းမှ ခါကာဘိုရာဇီ တောင်ကို တက်ရောက်ရှာဖွေမည်ဖြစ်သည်။

ထို့အပြင် ခါကာဘိုရာဇီကိုတောင်ကို တက်ရန်လာရောက်သည့် ဂျပန်အဖွဲ့မှလည်း ၎င်းတို့ သွားရာလမ်းတစ်လျှောက်တွင် ပျောက်ဆုံးသူနှစ်ဦးအား ထပ်မံရှာဖွေပေးမည်ဖြစ်သည်။

အဆိုပါ ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးအတွက် အသက်အာမခံ ထားရှိခြင်း မရှိဟုလည်း သဘာဝခေါ် သံဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က မဇ္ဈိမကို ပြောသည်။

"အသက်အာမခံက အသင်းနဲ့ မဆိုင်ဘူး။ သတ်မှတ်ထားတာမရှိဘူး။ လူတစ်ဦး တစ်ယောက်ရဲ့ ဆန္ဒပါ။ အသင်းစည်းမျဉ်း စည်ကမ်းထဲမှာ မပါပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

တောင်တက်အသင်းသို့ ဝင်လျှင် အသင်း၏ ပုံစံဖေါင်တွင် 'သင်သေနိုင်သလား' ဆိုတဲ့ အချက်တွေပါရှိသည်ဟု မြန်မာနိုင်ငံ တောင်တက်အသင်း ဒု-ဥက္ကဋ္ဌ ဦးကြင်ဥက ဆိုသည်။

တောင်တက်သမား ၂ ဦးဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူ တို့သည် ခါကာဘိုရာဇီတောင်ထိပ်ကို သြဂုတ်လ ၃၁ ရက်က ရောက်ရှိခဲ့ပြီး တောင်အောက်မှ အဖွဲ့များနှင့် ဆက်သွယ်ရေး ကိရိယာဖြင့် ဆက်သွယ်ခဲ့သေးသည်။ ယင်းနောက် ပိုင်းတွင် အဆက်အသွယ် မရတော့ဘဲ ယနေ့အချိန်ထိ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ပျောက်ဆုံးနေသူ နှစ်ဦးကို စက်တင်ဘာ ၂၇ ရက်တွင် အပြီးရှာဖွေမည်ဟု ထူးဖောင်ဒေးရှင်းကပြောကြားထားပြီး မတွေ့ပါက သဘာဝခေါ်သံဖောင်ဒေးရှင်း မှ သတင်းစာရှင်းလင်းပွဲ ထပ်မံလုပ်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List