သံလွင်မြစ်တစ်လျှောက် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများအား ကန့်ကွက်ကြောင်းရေးထိုး ထားသည့် ဒေသခံတိုင်းရင်းသားများ၏ လက်မှတ်များကို လာမည့်လတွင် နိုင်ငံတော်သမ္မတရုံးအပါဝင် တရုတ်သံရုံးနှင့် ထိုင်းသံရုံးများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း လက်မှတ်ကောက်ခံနေသည့် ကရင်မြစ် ချောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ထံမှ သတင်းရရှိသည်။
သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဒေသခံတိုင်းရင်းသားများ၏ ရေအားလျှပ်စစ်စီမံကိန်းများကို ကန့်ကွက်သည့် လက်မှတ် များကို လူမှုအဖွဲ့အစည်းပေါင်းတစ်ရာကျော် က တစ်နှစ်နီးပါး လိုက်လံကောက်ခံနေပြီး ရရှိလာသည့် လက်မှတ်များကို သက်ဆိုင်ရာသို့ ပေးပို့မည်ဟု သိရသည်။ ကရင်မြစ်ချောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ကိုသာဘိုးက“ကျွန်တော်တို့ လက်မှတ်ကောက်ထားတာကတော့ ရနေပါပြီ။
ရှမ်းပြည်မှာဆိုရင် ရှမ်းသဘာဝအဖွဲ့က ကောက်တယ်။ ကရင်ပြည်နယ်မှာဆိုရင် ကျွန်တော်တို့အဖွဲ့က ကောက်တယ်။ နောက် တခြားလူမှုအဖွဲ့အစည်းတွေကလည်း ကောက်ထားတာရှိတယ်။ ကျွန်တော်တို့ ဘက်က ကောက်ထားတာ အတိကျတော့ မသိရသေးဘူး။ ကရင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ
ကနေ မတ်လအထိ ကောက်ထားတာကတော့ သုံးသောင်းကျော်ရနေပြီ။
လာမယ့်လအတွင်းမှာ လက်မှတ်အရေအတွက် ဘယ်လောက်ရပြီလဲဆိုတာ ထုတ်ပြန်သွားမယ်။ လက်ရှိ မွန်ပြည်နယ်ထဲမှာလည်း ကောက်နေတုန်းလို့ သိရတယ်။ ပြီးရင် နိုင်ငံတော်သမ္မတရုံးအပါအဝင် တရုတ် သံရုံး၊ ထိုင်းသံရုံးတို့ကိုလည်း ပေးပို့ကန့်ကွက်သွားမယ်”ဟု စက်တင်ဘာ ၂၂ ရက်က ပြောကြားသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ခြောက်ခုရှိပြီး ယင်းတို့အနက် ပထမဆုံးတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် အထက်သံလွင်(ကွမ်းလုံ)စီမံကိန်းကို အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ Hanergy Group Holding Limited တို့က ပူးပေါင်း
တည်ဆောက်ခွင့် ရရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ် မေလ တတိယပတ်အတွင်းက သဘောတူစာချုပ် ချုပ်ဆိုပြီးဖြစ်ကာ မဂ္ဂါဝပ် ၁၄ဝဝ ထွက်ရှိမည့် ၎င်းစီမံကိန်းမှ အခမဲ့ဓာတ်အား ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ မြန်မာနိုင်ငံမှ ရရှိမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဓာတ်အားစုစုပေါင်း ၈၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ တရုတ်ကုမ္မဏီဘက်မှ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အရှေ့တောင်အာရှတွင် အကြီးဆုံးစာရင်းဝင်မည့် အထက်သံလွင် (မိုင်းတုံ)စီမံကိန်းအား ယခင်စက်မှု(၁)ဝန်ကြီးဟောင်း ဦးအောင်သောင်း၏သား ဦးနေအောင် အဓိကပိုင်ဆိုင် လုပ်ကိုင်နေသည့် IGE ကုမ္ပဏီမှ ထိုင်းနိုင်ငံ EGAT International နှင့် တရုတ်ကုမ္ပဏီ China Three Gorges Corporation တို့နှင့် လုပ်ကိုင်ခွင့်ရရှိထားပြီး စက်တပ်ဆင်အား မဂ္ဂါဝပ် ၇ဝဝဝ ရှိသည့် ယင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာ မည့် ရေဝပ် ဧရိယာမှာ ၂၆၂ စတုရန်းမိုင် ရှိမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောကြားထား သည်။
သံလွင်မြစ်သည် အရှေ့တောင်အာရှတွင် ဆည်မြောင်းတာတမံများ ပိတ်ဆို့ခြင်းမခံရသည့် တစ်စင်း တည်းသော မြစ်ဖြစ်ပြီး မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ ခြောက်ခုရှိကာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆည်များတည်ဆောက်ရာတွင် ခန့်မှန်းကုန်ကျစရိတ်ကို ပိုမိုစိုက် ထုတ်ရန် ခက်ခဲခြင်းကြောင့် ဆောက်လုပ်ရေးအပိုင်းတွင် အရည်သွေးမပြည့်မီလျှင် အန္တရာယ်ကြီးမား ကြောင်း ကမ္ဘာပေါ်ရှိ ဆည်ပေါင်း ၂၄ဝ ကျော်ကို စစ်တမ်းလုပ်ထားသည့် အောက်စဖို့ဒ်စစ်တမ်း တစ်ရပ်တွင် ဖော်ပြချက်အရသိရသည်။
Eleven Media Group
No comments:
Post a Comment