Monday, September 22, 2014

ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်သူလူထု ၆၀၀ ကျော် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီခန့်တွင် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ပြည်သူလူထု ၆၀၀ ကျော်သည် ရန်ကုန်မြို့အနှံ့ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သူများမှာ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ ဦးဆောင်ကာ ပြည်သူလူထုများကလည်း လိုက်ပါ၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်သူ ၅၀၀ ကျော်ခန့်သည် နံနက် ၈နာရီခန့်မှ စတင်ကာ လှည်းတန်းခုံးကျော်တံတားအောက်မှ ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်၊ မင်္ဂလာတောင် ညွန့် မြို့နယ်တို့ကိုဖြတ်၍ အောင်ဆန်းအားကစားကွင်းအထိ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြ သည်။

ထို့သို့ ဆန္ဒထုတ်ဖော်ရာတွင် ငြိမ်းချမ်းရေးကိုလိုလားသော စာသားများ၊ သင်္ကေတများပါသည့် ဗီနိုင်း၊ ပိုစ တာများ၊ ခေါင်းစီးများ၊ အင်္ကျီများအား ကိုင်ဆောင်ဝတ်ဆင်ကာ “ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး”၊ “စစ်ပွဲများငြိမ်းချမ်းစေရေး”၊ “ကျည်ဆန်များအစား ပန်းများပွင့်ပါစေ” စသည့်တို့ ကြွေးကြော်ကာ ဆန္ဒဖော် ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ကားများပေါ်၌ ပန်းရဲ့လမ်းတီးဝိုင်းမှ အဖွဲ့ဝင်များ၊ ရွှေသံစဉ်တီးဝိုင်းမှ အဖွဲ့ဝင်များက ငြိမ်းချမ်းရေး
ဖော်ဆောင်သည့် သီချင်းများသီဆိုကာ ဆန္ဒထုတ်ဖော်သူများနှင့်အတူ လှည့်လည်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် လိုက်ပါသည့် လူငယ်တစ်ဦးကလည်း “ကျွန်တော်တို့ ငြိမ်းချမ်းရေးကို လိုလားတယ်။ လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးနေလို့ မြည်တာမဟုတ်ဘူး။ ဒီတော့ အစိုးရကော လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ပါ အတ္တတွေ၊ မာန်မာနတွေမထားဘဲ မြန်မာပြည်အမြန်ဆုံးငြိမ်း ချမ်းအောင်၊ ဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးဖြစ်ပေါ်လာအောင် ဆောင်ရွက်စေချင်တယ်။ ကျွန်တော်တို့ပြည်သူတွေ ကလည်း ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို လိုလားလို့ အခုလို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်ဘက်မှ ပြည်သူလူထု ၁၀၀ ကျော်မှလည်း နံနက် ၈ နာရီတွင် ဘုရားလမ်း ထိပ်မှစတင်ကာ အောင်ဆန်းကွင်းအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါအဖွဲ့သည် လှည်းတန်းမှထွက်လာသည့် လူအင်အား ၅၀၀ ကျော်ရှိသော အဖွဲ့နှင့် ပေါင်းစည်းကာ မွန်းလွဲ ၃ နာရီခွဲခန့်တွင် အောင်ဆန်းအားကစားကွင်း အတွင်း ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော နိုင်ငံရေးအကျဉ်း သားဟောင်းများပါဝင်သော ဘောလုံးအသင်းနှင့် ရုပ်ရှင်သရုပ်ဆောင်များပါ ၀င်သော ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်ကို အားပေးခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List