စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးခဲ့သည့်" ခြေဖဝါးတော်နုနု "ရုပ်ရှင် ဇာတ်ကားကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ရက် အထိကျင်းပမည့် ၂၇ကြိမ်မြောက် တိုကျို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် သွားရောက် ပြသမည်ဟုသားဖြစ်သူ ဥက္ကာမှ ပြောသည်။
"ဒီဇာတ်ကားကို ပြသဖို့ သူတို့ဘက်က ဖိတ်ကြားတာပါ။ ကျွန်တော့်ကိုလည်း သူတို့ဘက်က အဖေ့ရဲ့ သားတစ်ယောက် အနေနဲ့ရော ရုပ်ရှင်ဖန်တီးသူ တစ်ယောက် အနေနဲ့ ဖိတ်ကြား တာကြောင့် ဒီဇာတ်ကား နဲ့ ပတ်သက်ပြီး ကျွန်တော် ပြန်လည် ပြောပြပေးရမှာပါ" ဟု ၎င်းကပြောသည်။ ယင်းဇာတ်ကားကို ယင်းရုပ်ရှင်ပွဲတော်တွင် နှစ်ရက်ကြာ ပြသ သွားမည်ဖြစ်သည်။
စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူး ခဲ့သည့် ခြေဖဝါးတော်နုနု (Tender are the feet) ရုပ်ရှင် ဇာတ်ကားကို ရန်ကုန် ရုပ်ရှင် သင်တန်းကျောင်းမှ ဂျာမနီ နိုင်ငံရှိ Goethe-Institut ၏ ပံ့ပိုး ကူညီ မှုနှင့်အတူ မကြာသေးမီက ဒစ်ဂျစ်တယ် စနစ်ဖြင့် ပြန်လည် ပြင်ဆင်ထားရှိခြင်း ဖြစ်သည်။
ယင်းဇာတ်ကားနှင့်အတူ ဒါရိုက်တာ မောင်ဝဏ္ဏ၏ သားဖြစ်သူ ဥက္ကာသည် အောက်တိုဘာ၂၂ရက်တွင် ဂျပန်နိုင်ငံသို့သွားရောက်မည်ဟုပြောသည်။
ယင်းရုပ်ရှင် ဇာတ်ကားကို ဂျပန် ရုပ်ရှင် ပွဲတော်တွင် မပြသခင် ၂၀၁၄ ခု ဖေဖော်ဝါရီလက ဘာလင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ပြီး မေလ က ကမ္ဘောဒီးယား နိုင်ငံတွင် ပြုလုပ်သည့် မှတ်တမ်း ရုပ်ရှင်ပွဲတော်(Memory Film Festival )တွင်လည်း သွားရောက် ပြသခဲ့သည်ဟု ဥက္ကာကပြောသည်။
ခြေဖဝါးတော်နုနု (Tender are the feet) ရုပ်ရှင် ဇာတ်ကား သည် စစ်အာဏာရှင် လက်အောက်တွင် ရိုးရာ ဓလေ့ထုံးစံ နှင့် ခေတ်ဆန်ခြင်း တို့ အကြား မြန်မာအမျိုးသမီးတစ်ဦး၏ ရွေးချယ်မှုကို ရိုက်ကူး ထားခြင်း ဖြစ်ပြီးဒါရိုက်တာ မောင်ဝဏ္ဏ၏ ပွဲဦးထွက် ဇာတ်ကား ဖြစ်ကာ ဇော်လွင် ၊စမ်းစမ်းအေး( ရှူမ၀) ၊ ဗဂျီ အောင်စိုး ၊ ဧည့်သည် သရုပ်ဆောင် အဖြစ် အောင်ပြည့်တို့ ကပါဝင် သရုပ်ဆောင်ထားကြသည်။
ယင်းဇာတ်ကားတွင်ရန်ကုန်မြို့ရှိ ရိုးရာ ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့တွင် ဗုံသမား တစ်ဦး ဖြစ်သူ စိန်လင်းနှင့် ယင်းအဖွဲ့မှ ချောမော လှပပြီး ရုပ်ရှင် မင်းသမီး ဖြစ်ချင်နေသည့် ကချေသည် ခင်စန်းတို့ အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။
တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဂျပန်နိုင်ငံ တိုကျို မြို့၌၁၉၈၅ ခုနှစ် တွင်စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးဝင်ရောက်ပြသခြင်းဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment