Tuesday, September 23, 2014

ငြိမ်းချမ်းရေးအတွက် ဒေသစွဲ၊ ၀ါဒစွဲ၊ လူမျိုးစွဲ၊ အဖွဲ့အစည်းစွဲမထားဘဲ နိုင်ငံ၏ အကျိုးရှေးရှုကာ အပစ်ရပ်မူကြမ်းတွင် ကျန်ရှိသည်များကို သဘောတူညီမှု ရသည်အထိ ဆောင်ရွက်ရန် UPWC နှင့် NCCT ခေါင်းဆောင်များ ပြောကြား


ငြိမ်းချမ်းရေးအတွက် ဒေသစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ အဖွဲ့အစည်းစွဲမထားဘဲ နိုင်ငံ၏အကျိုးရှေးရှုကာ  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းတွင် ကျန်ရှိသည့်အချက်အနည်းငယ်ကို သဘောတူညီမှုရရှိသည်အထိ ဆောင်ရွက်ရန် စက်တင်ဘာ ၂၂ ရက် က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ကျင်းပသော အစိုးရ ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ၏ အပစ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲတွင် နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။


UPWC နှင့် NCCT  တို့မှ ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲလျက်ရှိသည့် တစ်ခုတည်းသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (Single Text) ဖြစ်မြောက်ရေး ခြောက်ကြိမ်မြောက်ဆွေးနွေးပွဲ သို့ နှစ်ဖက်စလုံးမှ ခေါင်းဆောင်များ အစုံအလင်တက်ရောက်ခဲ့ကြသည့်အပြင် ယခုဆွေးနွေးပွဲသို့ တပ်မတော် ကိုယ်စားလှယ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးလည်း ပါဝင်လာရာ တပ်မတော်ဘက်မှ အဆင့်မြင့် အရာရှိ လေးဦးထိ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲအဖွင့်အမှာစကားကို  UPWC ဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းဇော်နှင့် တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့က ပြောကြားခဲ့ပြီး NCCT ဘက် မှ အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့က ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို စတင်ညှိနှိုင်းရာတွင် ဆွေးနွေးရန် အချက်ပေါင်း ၁ဝ၄ ချက်ရှိရာ လက်ရှိတွင် အချက်ငါးချက်သာ ကျန်ရှိတော့ကြောင်း၊ ဖက်ဒရယ်ဆိုသည့် စကားရပ်ကို အစိုးရတစ်ခုအနေနဲ့ လက်ခံအသိအမှတ်ပြုပြီး အနာဂတ်ပြည်ထောင်စုကို တည်ဆောက်သွား ရန် မူကြမ်းတွင် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးခရီး၏ ရည်မှန်းချက်ကိုရောက်အောင် ဆက် လက်အကောင်အထည်ဖော်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ဝန်ကြီးဦးအောင်မင်းက “မနေ့က ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ အစည်းအဝေးလုပ်ပါတယ်။ တက်ရောက်လာသူ အားလုံးကငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုအခက်အခဲတွေရှိနေပါစေ ဆက်လက်ပြီး အကောင်အထည်ဖော်သွားမယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ အဓိက ရည်မှန်းချက်က နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့ အဓိကအင်အားစုတွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးတစ်ခုကို ကျင်းပနိုင်ရေးပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။

တိုင်းရင်းသားများ၏  လက်နက်ကိုင်တော်လှန်ရေးများကို စစ်ရေးနည်း ဆောင်ရွက်ခဲ့ကြသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပိုများလာကြောင်း၊ နှစ်ပေါင်း ၆၅ နှစ်ကျော်ကြာမြင့်ခဲ့သည့် လက်နက် ကိုင်ပဋိပက္ခကြောင့် နိုင်ငံသည် အရှေ့တောင်အာရှတွင် အဖွံ့ဖြိုးဆုံးနိုင်ငံအဖြစ်မှ အနိမ့်ဆုံးနိုင်ငံ အဆင့် အထိ ရောက်သွားကြောင်း၊ တိုင်းရင်းသားအချင်းချင်းအကြားဖြစ်နေသည့်  ပြဿနာများကိုအေးချမ်းစွာ၊ တရားမျှတစွာဖြင့် ဆွေးနွေးဖြေရှင်းပါက များစွာပြေလည်နိုင်ကြောင်း၊ စိတ်ရှည်သည်းခံခြင်းမရှိဘဲ ဆွေးနွေးပါက ငြိမ်းချမ်းရေးပျက်စီးနိုင်ကြောင်း၊ လက်ရှိနိုင်ငံ၏ ကံကြမ္မာသည် ဆွေးနွေးရေးခေါင်းဆောင် များနှင့် နှစ်ဖက်ခေါင်းဆောင်များပေါ်တွင် မူတည်နေသည် ဟု NCCT  အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က ဆိုသည်။ 

နိုင်ဟံသာက “စစ်ရေးနည်းနဲ့ ဖြေရှင်းနေရင် နောက်ထပ် အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်တယ်လို့ ကျွန်တော်အဲဒီလိုပဲမြင်တယ်။ ဒါကြောင့် ဒီနေ့ သမ္မတကနေ ဦးဆောင်ပြီးတော့မှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီးဖြေရှင်းဖို့ ကျွန်တော်တို့နိုင်ငံကို အများလက်ခံနိုင်တဲ့ပုံစံနဲ့ ပြန်လည်ပြုပြင်တည်ဆောက် ဖို့အတွက် သမ္မတရဲ့ ဦးဆောင်မှုကို ကျွန်တော်တို့က အတိုင်းမသိဝမ်းသာပါတယ်”ဟု ပြောကြားသည်။

ပြဿနာများကို လက်နက်ကိုင်လမ်းစဉ် နှင့် အဖြေရှာရင် မဖြစ်နိုင်၍ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် များစွာခရီးရောက်နေပြီဖြစ်ပြီး ယခုအစည်းအဝေးတွင်လည်း ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြောကြားသည်။

ဦးသိန်းဇော်က “ ပြည်သူတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကို မိမိတို့အားလုံး ကနေပြီးတော့ လွှတ်တော်များရဲ့ ဆောင်ပုဒ်အတိုင်း ဒေသစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ အဖွဲ့အစည်းစွဲတွေ မထားဘဲနဲ့ နိုင်ငံရဲ့အကျိုးကို ရှေးရှုပြီးတော့ အားလုံးစိတ်တူ ကိုယ်တူ ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ” ဟု ပြောကြားသည်။

NCCT  အဖွဲ့ဒုတိယခေါင်းဆောင်(၁) ပဒိုစောကွယ်ထူးဝင်းကလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
ဆောင်ရွက်ပြီးပါက ငြိမ်းချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်ရန်များစွာကျန်ရှိနေသောကြောင့် အနည်းငယ်သာကျန်ရှိတော့သည့် ကွဲလွဲချက်များကို နားလည်မှုရှိရှိနှင့် ညှိနှိုင်းပြီး သဘောတူညီချက်ရရှိ သည်အထိ ဆက်လက်ဆောင်ရွက်ကြရန် နှစ်ဖက်ခေါင်းဆောင်များကို ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကလည်း “ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေ ပါဝင်ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြီးခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း သားတွေကိုပြောတဲ့အခါမှာ ထည့်သွင်းပြောပါတယ်။ 

အဲဒါကဘာလဲဆိုတော့ ဒီနေ့ဆွေးနွေးပွဲတွေမှာ တပ်မတော်က ဘာဖြစ်လို့ လိုက်လံပြီးဆွေးနွေးနေသလဲ ဆိုတော့ အဓိက ကတော့ တိုင်းပြည်တည်ငြိမ်အေး ချမ်းစေချင်လို့ပဲ။ ဒုတိယကတော့ ကျွန်တော်တို့တိုင်းရင်း သားတွေ စည်းလုံး ညီညွတ်မှု ပိုမိုခိုင်မာစေချင်လို့ ဖြစ်ပါတယ်” ဟုပြောကြား သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ဆွေးနွေးသည့်အပေါ်တွင် လူထုအများစုသိနိုင်အောင် နှစ်ဖက်လုံးက ရှင်းလင်းဆွေးနွေးပြသရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုက်တွန်းခဲ့ရာ ယင်းကိစ္စ နှင့်ပတ်သက်၍ NCCT  အဖွဲ့ဒုတိယခေါင်း ဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်က“တချို့ခေါင်းဆောင်များ၊ တချို့ပြည် သူများနဲ့ပြောဆိုတဲ့အခါမှာ  Single Text ဆိုတဲ့ အယူအဆကို သိပ်နားမလည်တဲ့ ခေါင်းဆောင်များ ကို တွေ့ရပါတယ်။  Single Text  လို့ပြောလိုက်ရင် တိုင်းရင်းသားတွေက အစိုးရပြောတဲ့ဘက်ကို ပါသွားပြီလားလို့ ဆွေးနွေးတဲ့ ခေါင်းဆောင်တွေနဲ့ စကားပြောဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုနက ဝန်ကြီးပြောသလိုပဲ ကျွန်တော်တို့ရဲ့  Single Text  ဆိုတဲ့ အယူအဆ။ ပြီးတော့ ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေကို လူထုကိုချပြဖို့အတွက် အရေးကြီးတယ်လို့ ထောက်ခံအတည်ပြုလို ပါတယ်” ဟု ပြော ကြားသည်။

UPWC နှင့် NCCT  တို့၏ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက် မှ ၂၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List