Monday, August 18, 2014

ရွေးကောက်ပွဲများတွင် တံဆိပ်တုံးထု မဲပေးစနစ် ပြောင်းမည်


အမှန်ခြစ် မဲပေးစနစ် ကျင့်သုံးနေသည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် ယခုနှစ် ဒီဇင်ဘာ ပထမပတ် အတွင်း ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲမှ စတင်ကာ တံဆိပ်တုံးထု မဲပေးစနစ်ကို အသုံးပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။

ယခင်ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများကို မဲပေးသည့်နေရာတွင် အမှန် သင်္ကေတ ရေးခြစ်နည်းကို အသုံးပြုသော်လည်း အငြင်းပွားဖွယ် ပယ်မဲများ ဖြစ်ပေါ်ခဲ့သောကြောင့် တံဆိပ် တုံးထု မဲပေးစနစ်ကို အစားထိုး အသုံးပြုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အရင်ရွေးကောက်ပွဲတွေမှာ မဲပေးတဲ့ပုံစံက ဘောပင် မင်မထင်တာတွေ၊ နှစ်ခါထပ်ပြီး ခြစ်တာတွေကြောင့် ပယ်မဲတွေ အများကြီး ဖြစ်ခဲ့တယ်။ အဲလို မဖြစ်အောင် အမှန်သင်္ကေတ ပါပြီးသား တံဆိပ်တုံးကို မဲပေးရမယ့် အကွက်ထဲမှာ နှိပ်လိုက်ရင် အဆင်ပြေသွားမှာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ မဲပေးစနစ် ပြောင်းလဲကျင့်သုံးခြင်းကို နည်းဥပဒေအတွင်း ထည့်သွင်း ပြင်ဆင်ထားပြီး ရွေးကောက်ပွဲရက် ကြေညာပြီးနောက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းပြီး မဲပေးသူ ပြည်သူများ သိရှိနားလည်စေရန် Voter Education များ၊ လက်ကမ်းစာစောင်များ၊ မီဒီယာများမှတစ်ဆင့် အသိပညာပေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ယင်းသို့ ရွေးကောက်ပွဲ မဲပေးစနစ်ကို ပြောင်းလဲပါက ရွေးကောက်ပွဲနှင့် စိမ်းသော ပြည်သူများ မဲပေးရာတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သောကြောင့် ရွေးကောက်ပွဲ ပညာပေးခြင်းကို ကျယ်ပြန့်စွာ လုပ်ဆောင် သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။“မြို့နေလူထုထက် တောနေလူထုက ပိုများတဲ့ မြန်မာနိုင်ငံမှာ မဲပေးပုံစနစ် ပြောင်းလဲရင် အခက်အခဲတွေ အများကြီး ကြုံတွေ့ရမှာပဲ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၄ နေရာအတွက် ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ပြုလုပ်ခဲ့သည်။

သို့သော်လည်း အဆိုပါ ရွေးကောက်ပွဲများတွင် ကြိုတင်မဲများ၊ ပယ်မဲများ ရေတွက်ရာတွင် မသမာမှုများ ရှိသည်ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့အစည်းများက ထောက်ပြ ဝေဖန်ခဲ့သည်။

ရွေးကောက်ပွဲ ကြိုတင်မဲများကို သွားရောက်စစ်ဆေးရာတွင် ယခင်က မဲရုံမှူး တစ်ဦးတည်းသာ ခွင့်ပြုသော်လည်း ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများမှ စတင်ကာ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ မဲရုံကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အရပ်ဘက် အဖွဲ့အစည်းများကို လိုက်ပါကြည့်ရှုခွင့် ပြုမည်ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲစာရင်းကို မဲရုံများတွင် ကြေညာမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ နည်းဥပဒေများတွင် ထည့်သွင်းပြင်ဆင်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List