Monday, May 05, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲနှင့် ပြည်သူလူထု လက်မှတ်ရေးထိုး လှုပ်ရှားမှု ပြုလုပ်ရန် NLD နှင့် ၈၈ မျိုးဆက်တို့မှ ကိုယ်စားလှယ် ငါးဦးစီ ပါဝင်သော ပူးတွဲဗဟိုကော်မတီ ဖွဲ့စည်း


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရမည်ဟူသည့် အချက်များပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲနှင့် ပြည်သူလူထု လက်မှတ်ရေးထိုးလှုပ်ရှားမှု ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်ငါးဦးစီ ပါဝင်သော ပူးတွဲဗဟိုကော်မတီကို မေ ၄ ရက်က ဖွဲ့ စည်းလိုက်ကြောင်း သိရသည်။

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းထိန်၊ ဦးထွန်းထွန်း ဟိန်းတို့ပါဝင်သည့်အဖွဲ့နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် များဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ပါဝင်သော အဖွဲ့တို့သည် မေ ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုဆိုင်ရာ ပူးပေါင်းဗဟိုကော်မတီကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီတာဝန်ခံ ဦးထွန်းထွန်းဟိန်းက “ကျွန်တော်တို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူလူထုက ပြင်ဆင်ချင်တဲ့ ဆန္ဒရှိလား၊ မရှိဘူးလားဆိုတာကို ဆန္ဒကောက်ယူဖို့ ပူးတွဲအစည်းအဝေးလေး လုပ်တာပါ။ ဒီနေ့ နှစ်ဖက်ကိုယ်စားလှယ်တွေပါတဲ့ ပူးတွဲဗဟိုကော်မတီ ဖွဲ့စည်းဖို့ သဘောတူညီချက် ရပါတယ်” ဟု ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက “ကျွန်တော်တို့ ဒီနေ့ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ပါတယ်။ ကျွန်တော်တို့ ပူးပေါင်းကော်မတီ ဖွဲ့စည်းတယ်။ ပူးပေါင်းကော်မတီ ဖွဲ့စည်းတယ်ဆိုတာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငါးယောက်၊ ကျွန်တော်တို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ငါးယောက်ပေါ့။ ပူးပေါင်းကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လူထုလက်မှတ်ရေးထိုးပွဲနဲ့ ဟောပြောပွဲလှုပ်ရှားမှုအတွက် ကျွန်တော် တို့က ပူးပေါင်းဗဟိုကော်မတီ ဖွဲ့တာပေါ့” ဟု ပြောကြားသည်။

အဆိုပါ ပူးတွဲဗဟိုကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်၊ ဦးညီပုတို့ပါဝင်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးဂျင်မီတို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် မေ ၁၇ နှင့် ၁၈ ရက်များ၌ ရန်ကုန်နှင့် မန္တလေးတွင်ပြုလုပ်မည့် ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လှုပ်ရှားမှု လူထုဟောပြောပွဲဆိုင်ရာ ဆပ်ကော်မတီများကိုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှစ်ဘက်ပါဝင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး လှုပ်ရှား မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ တစ်နိုင်ငံလုံး၌ မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List