Monday, May 05, 2014

ပျောက်ဆုံးနေသော ကျောင်းသူများကို ရှာဖွေရန် အစွမ်းကုန် ကြိုးစား သွားမည် ဖြစ်ကြောင်း နိုင်ဂျီးရီးယား ခေါင်းဆောင် ဂွဒ်လက်ဂျိုနသန်မှ ပြောဆို


ပြန်ပေးဆွဲခံရသည့် ကျောင်းသူ ၂၀၀ ကျော် မည်သည့်နေရာများတွင် ရောက်ရှိနေကြောင်းကို နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့များမှ မသိရှိရသေးကြောင်းသမ္မတ ဂွဒ်လက်ဂျိုနသန်မှ ဝန်ခံပြောဆိုသွားခဲ့သည်။ဘော်နိုပြည်နယ် ချီဘော့မြို့ရှိ ကျောင်းမှ ကျောင်းသူများကို လွန်ခဲ့သော သုံးပတ်ခန့်က အစ္စလာမ်မစ် စစ်သွေးကြွများ၏ ပြန်ပေးဆွဲခံခဲ့ရဖွယ် ရှိကြောင်းသံသယရှိထားသည်။

ပျောက်ဆုံးမှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုအား ဝေဖန်ပြောဆိုမှုများ မြင့်တက်လာနေစဉ် ပထမဆုံးအကြိမ် အဖြစ် သမ္မတ ဂျိုနသန်မှ ၎င်းကိစ္စရပ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ကတိပေးပါတယ်။ ကောင်မလေးတွေ ဘယ်နေရာမှာပဲ ရှိရှိ ကျွန်တော်တို့ အသေအချာကို ကယ်ထုတ်သွားမှာပါ။ ” ဟု သမ္မတဂျိုနသန်မှ ပြောကြားခဲ့သည်။

စစ်တပ်နှင့် လေတပ်တို့မှ ရှာဖွေလျက် ရှိသော်လည်း ၎င်းကျောင်းသူများအား မတွေ့ရှိရသေးကြောင်း လည်း ပြောဆိုသွားခဲ့သည်။

ကယ်ဆယ်ရေး ကြိုးစားအားထုတ်မှုများတွင် မိဘများနှင့် ဒေသတွင်း အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင် ရွက်မှုကို တောင်းဆိုလိုက်ပြီး အစိုးရအနေဖြင့်အကူအညီများ လိုအပ်လျက် ရှိကြောင်း ပြောဆိုခဲ့သည်။

ကျောင်းသူများအား ယာဉ်များဖြင့် နေရာပြောင်းရွှေ့လျက် ရှိကြောင်း သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။ နိုင်ဂျီးရီးယား လက်နက်ကိုင်တပ်ဖွဲ့မှလွှမ်းမိုးမှု နည်းပါးသော နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် ထားရှိထားကြောင်းလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ချီဘော့ကျောင်းသူများအား ပြန်ပေးဆွဲမှုတွင် တာဝန်ရှိကြောင်း အနောက်တိုင်း ပညာရေးမှာ ဒုစရိုက်ပြစ် မှုဖြစ်ကြောင်း အဓိပ္ပာယ်ရသည့် ဘိုကိုဟာရမ်အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့အား ထင်မြင်ထားကြသည်။

၎င်းအဖွဲ့သည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် အကြမ်းဖက် လုပ်ငန်းစဉ်များ လုပ်ဆောင်လျက် ရှိပြီး ရာပေါင်းများစွာသော ခရစ်ယာန်များနှင့်မူဆလင်များအား သတ်ဖြတ်ခဲ့ကြသည်။

ကျောင်းသူများအား ပြန်လည် လွှတ်ပေးရေးအတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးရန် အကြံပေးမှုများကို သမ္မတ ဂျိုနသန်မှ ပယ်ချခဲ့ပြီး ဘိုကိုဟာရမ်အဖွဲ့မှာပြောဆိုဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ပြောဆိုသွားသည်။

လုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နှင့် တရုတ်တို့ အပါအဝင် ကမ္ဘာ့ အင်အားကြီး နိုင်ငံများထံမှ အကူအညီ တောင်းခံခဲ့ကြောင်း သမ္မတ ဂျိုနသန်မှ ပြောဆိုခဲ့သည်။

 “ အကူအညီပေးနိုင်မယ်လို့ ထင်တဲ့ နိုင်ငံတွေကို ကျွန်တော်တို့ ပြောဆိုထားပါတယ်။ အမေရိကန် ကတော့နံပါတ် တစ် ပါပဲ။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားကို အနည်းဆုံး နှစ်ကြိမ်လောက်အထိ ကျွန်တော် ပြောဆို အကူအညီတောင်းထားပါတယ် ”ဟု ပြောဆိုခဲ့သည်။

Ref: BBC
The Myanmar Age

No comments:

Post a Comment

My Blog List